ရခိုင်က INGO ဝန်ထမ်းတွေ ရန်ကုန် ပြန်မယ်

  • 27 မတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption စစ်တွေမြို့ အခြေအနေ နည်းနည်း ငြိမ်သက်

ရခိုင် ပြည်နယ်က နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့အစည်း တွေရဲ့ ဌာနေရုံးတွေ တိုက်ခိုက် ခံခဲ့ရတဲ့ အတွက် ဝန်ထမ်းတွေကို အဖွဲ့အစည်း အသီးသီးက အမြန်ဆုံး ပြန်ခေါ်ဖို့ စီစဉ်နေပါ တယ်။

လူအုပ်နဲ့ ဝိုင်းဝန်း တိုက်ခိုက် ခံနေရချိန်မှာ အဲဒိ အဖွဲ့အစည်း တွေမှာ တာဝန် ထမ်းဆောင် နေတဲ့ ဝန်ထမ်းတွေကို ရဲစခန်းတွေမှာ ယာယီ အကာ အကွယ် ပေးထား ခဲ့ရပါတယ်။

စုစုပေါင်း အဖွဲ့အစည်း ၉ ခုက နိုင်ငံခြားသား ဝန်ထမ်း ၃၂ ယောက်နဲ့ မြန်မာ ဝန်ထမ်း ၃၉ ယောက် ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အခုချိန်ထိ လူ ဆယ်ဂဏန်း လောက် ထိန်းသိမ်း ခံထားရပြီး အခြေအနေကို ထိန်းသိမ်းရာမှာ ဒဏ်ရာရသူ တွေလဲ ရှိခဲ့တယ်လို့ သိရပါတယ်။

ရုန်းရင်းဆန်ခတ်မှု တွေကြားမှာ အသက် ၁၁ နှစ်အရွယ် ဒေသခံ မိန်းကလေး တဦး အသက် ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒုတိယ ရဲမှူးကြီး မင်းအောင်က အတည်ပြုခဲ့ ပါတယ်။

ဒါပေမဲ့ သေဆုံးသူ မိန်းကလေးရဲ့ နာမည်နဲ့ အသက်ကိုသာ သိခဲ့ရပြီး ဘယ်လို သေဆုံး ခဲ့ရသလဲ အသေးစိတ် စုံစမ်းနေတုန်းမို့ မသိရသေးဘူး လို့ ဒုတိယ ရဲမှုးကြီး မင်းအောင်က ဆက်ပြောခဲ့ပါတယ်။

မတ်လ ၂၆ ရက် ညကတော့ ညမထွက်ရ အမိန့်ကြောင့် စစ်တွေမြို့မှာ အခြေအနေ နည်းနည်း ငြိမ်သက် နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ဌာနေ ကိုယ်စားလှယ်ရုံး က သူတို့အနေနဲ့ အခြေအနေကို တော်တော်လေး စိုးရိမ်တယ် လို့ ထုတ်ပြန်ပါတယ်။

ဒါပေမဲ့ အကူအညီ လိုအပ်နေသူတွေကို ဆက်ပြီး ကူညီ သွားနိုင်ရေးကိုတော့ စိတ်ပိုင်းဖြတ် ထားပြီး ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။

တာဝန်ရှိသူ တွေကို အရေးယူပေးဖို့နဲ့ နောက်ဆက်တွဲ သင့်သလို ဆောင်ရွက် ပေးဖို့ကိုလဲ အစိုးရကို တောင်းဆို သွားမှာ ဖြစ်ပြီး ရခိုင် ပြည်နယ်မှာ လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေ ပေးနေတဲ့ အဖွဲ့အစည်း တွေကို ထိရောက်တဲ့ အကာအကွယ် ပေးဖို့ကိုလဲ တောင်းဆို ထားပါတယ်။

ရခိုင်မှာ တာဝန် ထမ်းဆောင်နေတဲ့ နိုင်ငံခြားသား တွေထဲမှာ အမေရိကန် နိုင်ငံသား အနည်းဆုံး ၃ ယောက် ပါဝင် နေတဲ့အတွက် ရန်ကုန်မြို့ အမေရိကန် သံရုံးကလဲ အခု ကိစ္စကို ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန် ထားပါတယ်။

ဒီကြေညာချက်မှာ ရခိုင် ဒေသတွင်းက လုံခြုံရေး အင်အား နည်းပါးတာနဲ့ တရားဥပဒေ စိုးမိုးမှု မရှိတာကို အဓိက ကန့်ကွက် ထားပေမယ့် ဒေသ အာဏာပိုင် တွေ အခြေအနေကို ထိန်းသိမ်း နိုင်အောင် ကြိုးစား ပေးခဲ့တာ ကို အသိအမှတ် ပြုတဲ့ သဘော တွေ့ရပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝန်ထမ်း တွေကို ခုလို တိုက်ခိုက်တာဟာ နိုင်ငံတကာ စည်းမျဉ်းတွေကို ချိုးဖောက်ရာ ရောက်တယ်လို့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

ဒေသတွင်းက ပဋိပက္ခတွေရဲ့ နောက်ကွယ်က ရင်းမြစ်တွေကို ဖော်ထုတ် ဖြေရှင်းမှ ရေရှည် တည်တံ့တဲ့ ငြိမ်ချမ်းရေး ရနိုင်မယ်လို့ ဖော်ပြထားပြီး ဒီလို ဖြေရှင်းရာမှာ အမေရိကန်က ကူညီဖို့ အသင့်ရှိတယ် လို့လဲ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ