ထိုင်းက မြန်မာ လုပ်သား ၁၂၀၀ နစ်နာကြေး ရမယ်

  • 27 မတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ထိုင်း ငါးဖမ်းလုပ်ငန်း တစ်ခုမှာ လုပ်ကိုင်နေတဲ့ မြန်မာ လုပ်သားတွေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တောင်ဘက်မှာရှိတဲ့ မဟာချိုင်းက ပုဇွန်စက်ရုံ တခုဖြစ်တဲ့ စီပီအက်ဖ် ကုမ္ပဏီကနေ အလုပ်ထုတ် ခံရတဲ့ မြန်မာ အလုပ်သမား ၁၂ဝဝ ကို အလုပ်ရှင်က နစ်နာကြေးငွေ ပေးဖို့ သဘောတူလိုက်ပါတယ်။

နစ်နာကြေးက မြန်မာ ကျပ်ငွေနဲ့ တွက်ရင် သိန်း ၁၅ဝဝ လောက် ရှိတဲ့အတွက် ထိုင်းနိုင်ငံမှာ အများဆုံး လျော်ကြေးပေးရတာ ဖြစ်ပါတယ်။

ထိုင်း အလုပ်သမား ဥပဒေအရ လုပ်သက် အနည်းအများပေါ် မူတည်ပြီး အလုပ်သမား တစ်ဦးကို ဘတ်ငွေ ၃ သောင်းက နေ ၉ သောင်းအထိ ရရှိမှာ ဖြစ်ပါတယ်။

ကုမ္ပဏီ အနေနဲ့ ထိုင်း ဘတ်ငွေ သန်း ၅ဝ လောက် နစ်နာကြေး ပေးရမှာ ဖြစ်လို့ မြန်မာ ကျပ်ငွေနဲ့ ဆိုရင် သိန်း ၁၅ဝဝ လောက် ကုန်ကျမှာဖြစ်ပါတယ်။

အခုအချိန်မှာ ပုဇွန် ရှားပါးနေပြီး နောက်ထပ် ၂ နှစ်ကျော် လောက်အထိ ပုဇွန် ပေါများလာဖို့ မရှိတဲ့အတွက် ကုမ္ပဏီအနေနဲ့ အရှုံးခံ လုပ်ကိုင်မယ့်အစား အခုလို အလုပ်သမားတွေကို နစ်နာကြေးပေးပြီး အလုပ်ဖြုတ်လိုက်တာ ဖြစ်တယ်လို့ အလုပ်သမားတွေဘက်က ကူညီ ဆောင်ရွက်ပေးခဲ့တဲ့ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောပါတယ်။

ရပ်ဝေးကို ရောက်နေတဲ့ အလုပ်ဖြုတ် ခံရသူတွေလည်း လာရောက် ဆက်သွယ်နိုင်တယ်လို့ အလုပ်ဖြုတ် ခံရသူတွေထဲက ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုစမ်းဝင်းအောင်က ပြောပါတယ်။

အခု လုပ်ဖြုတ်ခံရတဲ့ အလုပ်သမား ၁၂ဝဝ လုံးက နိုင်ငံကူး လက်မှတ်တွေ ရှိတဲ့အတွက် အများစုက ထိုင်းမှာ အလုပ်ဆက်လုပ်ကြမှာ ဖြစ်ပြီး တချို့က မြန်မာနိုင်ငံကို ပြန်မယ့်သူတွေလည်း ရှိတယ်လို့ ကိုစမ်းဝင်းအောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ