စစ်တွေမှာ တည်ငြိမ်ရေး ဦးစားပေးလုပ်နေ

  • 28 မတ် 2014
ngo_sittwe ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်နယ်အစိုးရက ဝန်ထမ်းတွေကို ရန်ကုန်ကို ပြန်ပို့ပေးနေ

စစ်တွေမြို့မှာ နိုင်ငံတကာ အဲန်ဂျီအိုတွေကို တိုက်ခိုက်မူတွေဖြစ်ပြီးနောက် ရှောင်တိမ်း နေကြတဲ့ အန်ဂျီအို တွေဝန်ထမ်း တချို့ကို မြန်မာ အစိုးရက ရန်ကုန်မြို့ကို ပြန်ပို့ပေး ခဲ့ပါတယ်။

ရခိုင်ပြည်နယ် အစိုးရ အနေနဲ့ တည်ငြိမ်ရေးနဲ့ တရား ဥပဒေ စိုးမိုးရေးကို အဓိကထား ဆောင်ရွက် နေတယ်လို့ ရခိုင်ပြည်နယ် အစိုးရ လျှပ်စစ်နဲ့ စွမ်းအင်၀န်ကြီး ဦးအောင်သန်းတင်က ပြောပါတယ်။ အရေးကြီး တာကတော့ တည်ငြိမ် အေးချမ်းရေးနဲ့ အဲန်ဂျီအိုတွေက ၀န်ထမ်းတွေ ဘေးကင်း လုံခြုံရေးဘဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူ တိုက်ခိုက်မူ အတွင်း အန်ဂျီအိုရုံး နှစ်ဆယ်ကျော် တိုက်ခိုက် ခံခဲ့ရပြီး အဲန်ဂျီအို ၀န်ထမ်း ၇၀ ကျော်ကိုတော့ ဘေးကင်း လုံခြုံရာကို ပို့ဆောင်ပေးခဲ့ ရတယ်လို့ ဆိုပါတယ်။

မတ်လ ၂၈ ရက် ညနေ အထိ အန်ဂျီအို ၀န်ထမ်း ၅၀ ကျော်ကို ရန်ကုန်ကို ပြန်ပို့နိုင်ခဲ့တယ်လို့ ၀န်ကြီးက ပြောပါတယ်။

အဲန်ဂျီအို ဝန်ထမ်း အမျိုးသမီး တယောက်က သာသနာ့အလံကို မဖွယ်မရာ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီးတဲ့နောက်မှာ အဲန်ဂျီအို ရုံးတွေကို လူအုပ်က တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

လူစုခွဲဖို့ ပစ်ခတ်ရင်း ကျည်ဆံထိမှန် သေဆုံးခဲ့ရတဲ့ အသက် ၁၃ နှစ် အရွယ် ကလေးမလေးကိုတော့ ဒီကနေ့မှာ သဂြိုလ်ခဲ့ပါတယ်။ သေဆုံးတဲ့ ကလေးမရဲ့ အဖေ ဦးတင်မောင်ကတော့ ကလေးက တမင်းစား နေတုန်း မတော်တဆ ကျည်ဆံ ထိမှန် သေဆုံးတာ ဖြစ်တယ်လို့ ပြောပါတယ်။

စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန် ဖြစ်မူနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ဥပဒေကြောင်းအရ အရေးယူဖို့ စတင် စီစဉ်နေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။

စုံစမ်းစစ်ဆေးမှုတွေ လုပ်

ဓာတ်ပုံ မူပိုင် Reuters
Image caption တိုက်ခိုက်ခံခဲ့ရတဲ့ အဲန်ဂျီအို ရုံးတရုံး

စစ်တွေမှာ အန်ဂျီအိုရုံးတွေ တိုက်ခိုက်ခံခဲ့ရမှု အကြောင်းရယ် သာသနာ့အလံကို မဖွယ်မရာ လုပ်တယ်လို့ စွပ်စွဲခံရတဲ့ အမေရိကန် နိုင်ငံသူ အမျိုးသမီးကကော တကယ် လုပ်သလား ဆိုတာ ကိုလည်း အစိုးရက စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာလည်း နယ်မြေတည်ငြိမ် အေးချမ်းရေး အတွက် ကာကွယ်ရေး ၀န်ကြီးဌာနက ဗိုလ်ချုပ်ကြီးလှဌေး၀င်း၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲချုပ် အပါအ၀င် တာ၀န်ရှိသူ တွေလည်း ရခိုင်ပြည်နယ်ကို ရောက်ရှိနေပြီး ကွင်းဆင်းလှည့်လည် စစ်ဆေးနေ ပါတယ်။

ရခိုင်ပြည်နယ် တ၀န်းလုံးမှာတော့ မတ်လ ၂၉ ရက်နေ့ စတင်မယ့် သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး မကျေနပ်မူတွေ ရှိနေသလို ကန့်ကွက် သပိတ်မှောက်ဖို့လည်း စီစဉ်နေကြပါတယ်။

ဒီလို အချိန်မှာ အခုနောက်ဆုံး ဖြစ်လာတဲ့ မတည်ငြိမ်မှု တွေကြောင့် ရခိုင်လူထု အတွင်းမှာ စိုးရိမ်မှုတွေ တိုးနေတယ် လို့လည်း ဒေသခံတွေက ပြောကြပါတယ်။