INGOနဲ့ UN ရုံးခွဲတွေ အကြမ်းဖက် တိုက်ခိုက်ခံရမှု UNFPA သတိပေး

ဓာတ်ပုံ မူပိုင် LLKS
Image caption သန်းခေါင်းစာရင်း ကောက်ယူမှုနဲ့ ပတ်သက်လို့ UNFPA ကြေညာချက်ထုတ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ INGO နိုင်ငံတကာ လူမှုကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ လက်အောက်ခံ ရုံးခွဲတွေကို အကြမ်းဖက် တိုက်ခိုက်ခံရတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့လူဦးရေ ဆိုင်ရာ ရန်ပုံငွေအဖွဲ့က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တင်းမာမှုတွေကို မကြာခင် ကောက်ယူတော့မယ့် သန်းခေါင်စာရင်းကိစ္စနဲ့ ဆက်စပ်ပြောဆိုနေတာတွေ ကိုလည်း စိုးရိမ်ကြောင်း UNFPA ကပြောပါတယ်။

ကုလသမဂ္ဂ ကမ္ဘာ့လူဦးရေ ဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNFPA က နှစ်သုံးဆယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူမယ့် အစီအစဉ်အတွက် အဓိက အကူအညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခု ဖြစ်တာကြောင့် သူတို့က သန်းခေါင်စာရင်း ကောက်ယူမယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ ပြောလာတာဟာ ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်နေတဲ့ အခြေအနေတွေဟာ သန်းခေါင်စာရင်း ကောက်မယ့် လုပ်ငန်းစဉ် အပေါ် တစုံတရာ ထိခိုက်မှု ရှိလာနိုင်တယ်လို့ မြန်မာအစိုးရကို သတိပေးလိုက်သလို ဖြစ်နေပါတယ်။

ခုဖြစ်နေတဲ့ ဆူပူမှုတွေ၊ တင်းမာမှုတွေဟာ သန်းခေါင်စာရင်း ကောက်မယ်ဆိုတဲ့ကိစ္စနဲ့ ဆက်စပ်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် ကုလသမဂ္ဂက စိုးရိမ်နေတာလည်း ဖြစ်ပါတယ်။

ရခိုင် တိုင်းရင်းသားတွေက သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာဆိုတဲ့ လူမျိုးအမည်ကို ထည့်သုံးခွင့်ပြုရင် သူတို့အားလုံး သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မယ်လို့ ဆိုနေပါတယ်။

UNFPA ကတော့ နိုင်ငံတကာ စံနှုန်းအရရော၊ လူ့အခွင့်အရေး စံနှုန်းအရရော၊ ကုလသမဂ္ဂနဲ့ အလှူရှင်နိုင်ငံတွေ မြန်မာအစိုးရနဲ့ သဘောတူထားချက် အရ သန်းခေါင်စာရင်း အကောက်ခံသူတိုင်းဟာ သူဘာလူမျိုးဖြစ်တယ်ဆိုတာ ဖော်ပြခွင့်ရှိတယ်လို့ ဆိုပါတယ်။

ခြိမ်းခြောက်မှု တွေ၊ အကြမ်းဖက်မှုတွေကြောင့် ဒီသဘောတူညီချက်ကို လူရွေးပြီး ခွင့်ပြုတာမျိုးလုပ်လို့ မရဘူးလို့လည်း ကြေညာချက်မှာ ဆိုထားပါတယ်။

သန်းခေါင်စာရင်း ကောက်ယူသူတွေရော ကောက်ယူခံရသူတွေပါ လုံခြုံမှုရှိပြီး ခြိမ်းခြောက်မှုတွေကို ကြောက်မနေရတဲ့ အခြေအနေမျိုး ရှိဖို့လိုတယ်လို့လည်း ကုလသမဂ္ဂကဆိုပါတယ်။

မတ်လ ၂၈ ရက်နေ့စွဲနဲ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ စစ်တွေမြို့မှာ နိုင်ငံတကာအန်ဂျီအိုရုံးတွေနဲ့ ကုလ သမဂ္ဂ ရုံးတွေကိုလွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက လူအုပ်နဲ့ တိုက်ခိုက်ခံရတယ်လို့ ဆိုထားပါတယ်။

UNFPA ဝန်ထမ်းတွေကတော့ ထိခိုက်မှုမရှိကြောင်းနဲ့ လိုအပ်တဲ့ ဝန်ထမ်းတွေကိုလည်း ဆက်ထားမှာဖြစ်ကြောင်း ကြေညာချက်က ဆိုပါတယ်။

အလားတူ ဥရောပသမဂ္ဂ လူသားချင်း စာနာကူညီရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီး ခရစ်စတီးနားဂျော်ဂျီးဗားနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာအီးယူ ကော်မရှင်နာမင်းကြီး အန်းဒရစ်ပီးဘလက်စ် တို့ကလည်း ရခိုင်ပြည်နယ်မှာ ကူညီကယ်ဆယ်ရေး

ဝန်ထမ်းတွေ ဘေးရန် ကင်းကင်း အလုပ်လုပ်နိုင်ဖို့ စစ်တွေနဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ ပူးပေါင်း ဆောင်ရွက်ပေးကြပါ ဆိုပြီး မတ်လ ၂၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအစိုးရကတော့ ခုဖြစ်ခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ အတွက် နယ်စပ်ရေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တခုကို ဖွဲ့စည်း တာဝန်ပေးအပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ