ရခိုင်ပြည်နယ် မှာ သန်းခေါင်စာရင်းကောက်ရေး

ရခိုင်မှာ သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် ကန့်ကွက်နေ

ဓာတ်ပုံ မူပိုင် bbc
Image caption ၂၀၁၄ သန်းခေါင်စာရင်း

မတ်လ ၂၉ရက် ညက စလို့ မြန်မာနိုင်ငံမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့၊ သန်းခေါင်စာရင်း ကောက်ယူမှု စတင်ပါတယ်။ ရိုဟင်ဂျာ စကားလုံးနဲ့ ပတ်သက်ပြီး၊ ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်း ကောက်ယူမှုအပေါ် သပိတ်မှောက်မယ် ဆိုတဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ် နေပါတယ်။

သန်းခေါင်စာရင်း ထဲ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုံးကို ထည့်သွင်းခဲ့ရင်၊ အသိအမှတ် ပြုမှာ မဟုတ်ဘူးလို့၊ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် က ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ် မှာ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း က သန်းခေါင်စာရင်း ကောက်ခံမှုနဲ့ ရိုဟင်ဂျာ စကားလုံး ဆိုင်ရာ ဆန္ဒပြပွဲတွေ က တဆင့်၊ နိုင်ငံတကာ ပရဟိတ အဖွဲ့အစည်းတွေ ကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြတာတွေ ဖြစ်ပေါ်လာခဲ့ တဲ့ အတွက်၊ စစ်တွေမြို့ပေါ် မှာ ကြာသပတေးနေ့က စလို့ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ထုတ်ထားခဲ့ရပါတယ်။

ဒီလို အခြေအနေ မှာ၊ ရခိုင်ပြည်နယ် အတွင်း သန်းခေါင်စာရင်း ကို အဆင်ပြေပြေ ကောက်ခံနိုင်ဖို့ နဲ့ သပိတ်မှောက်မယ့် အခြေအနေကို ဟန့်တားနိုင်ဖို့ အတွက်ဆိုကာ၊ ရိုဟင်ဂျာ စကားလုံး ရေးသွင်းခဲ့ရင် သန်းခေါင်စာရင်းထဲ ထည့်မမှတ်ဘူး လို့၊ ဒေသခံ လူဝင်မှု ကြီးကြပ်ရေး အဖွဲ့ လဝက က ကတိပေးခဲ့တယ် ဆိုပြီး၊ စစ်တွေမြို့မှာ ရောက်နေတဲ့ ရသေ့တောင် လွှတ်တော်အမတ် ဒေါ်ခင်စောဝေက ပြောပါတယ်။

ဒီသတင်းစကားကို တာဝန်ရှိ လဝက က ပွင့်ပွင့်လင်းလင်း ပြောခဲ့တာ မဟုတ်ဘူးလို့ ရိုဟင်ဂျာ စကားလုံး အပေါ် လက်မခံလိုကြတဲ့ လူတွေက စောဒက တက်နေကြဆဲလို့လည်း၊ ဒေါ်ခင်စောဝေက ပြောပါတယ်။

ရိုဟင်ဂျာ ဆိုပြီး ထည့်သွင်းလိုကြသူတွေ အနေ နဲ့လည်း၊ ဒီလို ထည့်သွင်းခွင့် မရခဲ့ရင်၊ သန်းခေါင်စာရင်း ကောက်ခံမှုကို ပူးပေါင်း ပါဝင် ဖို့ရာ ခက်ပါလိမ့်မယ်။ ဒါ့ကြောင့် ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်း ကို တိတိကျကျ နဲ့ ကိန်းဂဏန်း အမှန် ရရှိနိုင် ဖို့ လွယ်မှာ မဟုတ်ပါဘူး။

သန်းခေါင်စာရင်း ကောက်ခံမှု ဆိုတာ တကယ်တော့ လိုအပ်တဲ့ ကိစ္စဖြစ်တာကြောင့်၊ အခု ဖြစ်ပေါ်နေတဲ့ အခြေအနေကို ဘယ်လို ကိုင်တွယ် ဖြေရှင်း သွားမလဲ ဆိုတာ၊ အားလုံး ပူးပေါင်း ဆောင်ရွက်ရ မှာ ဖြစ်တယ်လို့ ဒေါ်ခင်စောဝေ က မှတ်ချက်ချခဲ့ပါတယ်။