သန်းခေါင်စာရင်း ကောက်ယူမှု စတင်ပြီ

ဓာတ်ပုံ မူပိုင် others
Image caption သန်းခေါင်းစာရင်း ကောက်ယူရေး ဆိုင်ရာ စာရွက်စာတမ်း

ဒီကနေ့ စတင်တဲ့ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေကို လေ့လာစောင့်ကြည့်ဖို့ နိုင်ငံတကာက ကိုယ်စားလှယ်တွေ မြန်မာ နိုင်ငံမှာ ရောက်ရှိနေပါတယ်။

သူတို့ဟာ မြန်မာစောင့်ကြည့်လေ့လာရေး ကိုယ်စားလှယ်တွေနဲ့ တွဲဖက်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေနဲ့ အထူး အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေကို မတ်လ ၃၀ ရက်ကနေ ဧပြီ ၁၀ ရက်နေ့တွေအတွင်းမှာ စောင့်ကြည့်မှာ ဖြစ်ပါတယ်။

နှစ်သုံးဆယ်အတွင်း ပထမဆုံး အကြိမ် အဖြစ် သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါ နိုင်ငံတကာ အဆင့်အတန်းနဲ့ ကိုက်ညီရဲ့လား၊ မြန်မာနိုင်ငံ သန်းခေါင်စာရင်း ဥပဒေကို လိုက်နာရဲ့လား ဆိုတာတွေကို ရောက်ရှိလာတဲ့ သီးခြား လွတ်လပ်တဲ့ လေ့လာ စောင့်ကြည့်သူတွေက အဓိက စောင့်ကြည့်သွားဖို့ ဖြစ်ပါတယ်။

စောင့်ကြည့်မယ့် ကိုယ်စားလှယ် အားလုံးပေါင်း ၂၃ ယောက် ရောက်ရှိနေပြီး သူတို့ကို မြန်မာ ကိုယ်စားလှယ် ၂၃ ဦးနဲ့ တွဲဖက်ကာ ဒေသအသီးသီးကို စေလွှတ်ပေးမှာ ဖြစ်ပါတယ်။

မြန်မာအစိုးရနဲ့ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA ကြားက သဘောတူညီချက်အရ အခုလို ကိုယ်စားလှယ်တွေ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သန်းခေါင်စာရင်း ကောက်ယူတဲ့ အခါမှာ စာရင်း ကောက်ယူသူရော ကောက်ယူခံရသူပါ အနှောက်အယှက်နဲ့ ခြိမ်းခြောက်မှု မပါဘဲ လုပ်ဆောင်နိုင်မှ တကယ် လက်ကိုင်ထားလို့ ရတဲ့ စာရင်းဇယား အတိအကျကို ရနိုင်မှာ ဖြစ်တယ်လို့ UNFPA က ပြောရေးဆိုခွင့် ရှိသူ William Ryan က ပြောခဲ့ပါတယ်။

သန်းခေါင်စာရင်း ကိစ္စနဲ့ ပက်သက်လို့ အစိုးရဖက်က သဘောထားက ဘယ်လို ရှိနေတယ်လို့ ထင်ပါသလဲ လို့ UNFPA က ပြောရေးဆိုခွင့် ရှိသူ William ကို မေးကြည့်တော့ သူက နိုင်ငံတွင်းမှာ ရှိနေကြတဲ့ လူတိုင်းစေ့ တစ်ယောက်ချင်းစီကို သန်းခေါင်စာရင်းထဲမှာ ထည့်သွင်း ရေတွက်နိုင်ဖို့ကို အစိုးရ အနေနဲ့ စိတ်အား ထက်သန်မှု ရှိထားပြီး ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် သန်းခေါင် စာရင်း ကောက်ယူမှုမှာ ပါဝင် ဖြေကြားသူတိုင်းကိုလဲ မိမိတို့ရဲ့ လူမျိုးစု အမည်တွေကို လွတ်လပ်စွာ ရေးသွင်းခွင့် ပေးသွားဖို့ကိုလဲ ကတိ ပေးထားပြီး ဖြစ်တဲ့ အပြင် အကြမ်းဖက်မှု ခြိမ်းခြောက်မှုနဲ့ တခြား ဖိအားတွေကြောင့် ဒီသဘောထား ပြောင်းလဲသွားတာမျိုး မဖြစ်သင့်ဘူး လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံ အတွင်းက တချို့နေရာတွေမှာ အငြင်းပွားမှုတွေနဲ့ မတည်မငြိမ် ဖြစ်နေတာ၊ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ လတ်တလော ပြသနာတွေ ဖြစ်ခဲ့တာတွေအပေါ် သူ့အနေနဲ့ စိုးရိမ်တယ်လို့ ထပ်ပြောခဲ့ပါတယ်။ မငြိမ်သက်မှုတွေကြောင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေ ထိခိုက်မှာကို မလိုလားဘူးလို့ သူက ဆိုပြီး ရခိုင် ဒေသတွင်းက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေရဲ့ ဘေးကင်း လုံခြုံရေးကို အစိုးရက အာမခံချက် ပေးရမယ် ဆိုတဲ့ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုကို ထောက်ခံတဲ့ အကြောင်း ကိုတော့ မတ်လ ၂၈ ရက်က ထုတ်ပြန်တဲ့ UNFPA ရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

UNFPA က မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းတွေအတွက် အမေရိကန် ဒေါ်လာ ၅၈ သန်းခွဲ ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး ဒီစားရိတ်စက တော်တော်များများကို နိုင်ငံတကာ အလှုရှင်တွေဆီက UNFPA က အဓိက ရှာဖွေပေးခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ