ဆရာကြီး ဦးဝင်းတင် ဆေးရုံတက် ကုသမှုခံယူနေ

burma_wintin ဓာတ်ပုံ မူပိုင်
Image caption ဦးဝင်းတင်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ နာယက ဆရာကြီး ဦးဝင်းတင် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ခါးနာ ဝေဒနာ ကြောင့် Victoria ဆေးရုံတက် ဆေးစစ်ရာက အသက်ရှူ ရပ်သလို ဖြစ်တဲ့ အတွက် ပိုက်ထည့် အသက်ရှူရပါတယ်။ မတ်လ ၂၉ ရက်နေ့ မှာတော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို ပြောင်းရွှေ့ကုသမှု ခံယူနေပါပြီ။

ရန်ကုန်ဆေးရုံကြီး ရောက်တဲ့အခါမှာ ဆရာ ဦးဝင်းတင် ရဲ့ ရောဂါ ကို သမားတော်ကြီးများ အပါအဝင် ဆရာဝန် ၁ဝ ဦး ကော်မတီ ဖွဲ့ပြီး ရှာဖွေ၊ ဆေးစစ်နေကြပါပြီ။ လိုအပ်တဲ့ ဆေးကုထုံး၊ ဆေးဝါး စတာတွေ ကိုလည်း ဆရာဝန်တွေ ဆွေးနွေးတိုင်ပင် ပြီးမှ အများကို အသိပေး မှာပါ။

ဆရာ ဦးဝင်းတင် ဆေးရုံတက်တဲ့ သတင်း ထွက်လာတာနဲ့ ဆရာ့ တပည့်တပန်းတွေ၊ နိုင်ငံရေး လောက နဲ့ စာပေလောက မှ ပုဂ္ဂိုလ် တွေ ဟာ ဆေးရုံ ထဲ ဝင်ခွင့် ရသူရော၊ ပြင်ပမှာ ဆရာ့ အခြေအနေ သတင်း ကို စောင့်ဆိုင်း နားစွင့်သူ တွေ အပြောအရ ရန်ကုန် ဆေးရုံကြီး ရောက်တဲ့ အခါမှာ သတိ ရှိတဲ့ အကြောင်း၊ သွေးပေါင်ချိန် လည် ကျလာတဲ့ အကြောင်း၊ ဒါပေမဲ့ အသက်ရှူစက် တပ်ထားတဲ့ အတွက် စကားတော့ မပြောနိုင်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

Victoria ဆေးရုံမှာ တက်ရောက် ကုသချိန် မှာ ဆရာ့ ကို တာဝန်ယူ ပြုစု ကုသပေးတဲ့ ဆရာဝန်ကြီး ဒေါက်တာ မြင့်သိန်း ကတော့ ဆရာ ဦးဝင်းတင် ရဲ့ ရောဂါ အခြေအနေ ကို မီဒီယာ ကို ပြောပါတယ်။ အသက် ၈၄ နှစ် ရှိပြီဖြစ်တဲ့ ဆရာ့ အနေနဲ့ ပြည်ပ ထွက် ဆေးကုသမှု ယူမယ် ဆိုတဲ့ သတင်းတွေ ထွက်နေပေမဲ့၊ ဆရာဝန်တွေ ဘက်ကတော့ ကုသမှု အကောင်းဆုံးနည်းနဲ့ အသင့်တော်ဆုံး ကုထုံး ကို အစည်းအဝေး ခေါ်၊ တိုင်ပင်ဆွေးနွေးနေ ကြပါတယ်။ အတည်ပြုချက် တစုံတရာ မပေးကြသေးပါဘူး။

လတ်တလော ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရဲ့ အဆောင် ၅၊၆ မှာ ဆေးစစ်မှု၊ ကုသမှု ခံယူနေပါတယ်။