ဝမ်ပေါင်ကုမ္ပဏီကဘွဲ့ရလုပ်သားတွေ လစာညိနှိုင်းမှု အဆင်မပြေ

ဓာတ်ပုံ မူပိုင် burmese
Image caption မနှစ်တုန်းက လက်ပံတောင်း စီမံကိန်း ဆန္ဒပြမှု

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ ဝင်ရောက် လုပ်ကိုင်ဖို့အတွက် ဝမ်ပေါင်ကုမ္ပဏီက စာတွေ့လက်တွေ့ သင်တန်းပေးခဲ့တဲ့ ဒေသခံ ကျေးရွာ ၂၆ ရွာက ဘွဲ့ရလုပ်သားတွေဟာ ကုမ္မဏီနဲ လစာညိနှိုင်းမှု အဆင်မပြေ ဖြစ်နေတာ သီတင်းတစ်ပတ် ကျော်လာပြီ ဖြစ်ပါတယ်။

မနေ့ ကတော့ ကုမ္ပဏီ ဖက်က လစာ ကို မူလ အမေရိကန် ဒေါ်လာ ၁၂၀ ကနေ တစ်လ ဒေါ် လာ ၁၈၀ အထိ တိုးပေးမယ် ဧပြီ ၂၁ ရက် နောက်ဆုံးထား အကြောင်းပြန်ပါလို့ ပြောပါတယ်။

ကုမ္မဏီအဆင်မပြေ ဖြစ်ခဲ့တဲ့ ဝန်ထမ်း ၂၃၀ ကျော် ရှိပါတယ်။

သင်တန်းသား ကိုဘိုဦး အပြောအရ တိုးပေးတဲ လစာက လူတိုင်းရမှာ မဟုတ်ဘဲ သင်တန်း နောက်ထပ် ၁၉ လ တက်ပြီး အရည်ချင်းစစ် စာမေးပွဲဖြေ စာမေးပွဲ အောင်မှ ဝမ်ပေါင်ကုမ္ပဏီက ပေးမှာလို့ ဆိုပါတယ်။

ဒီလို တိုးပေးမယ် ပြောလိုက်တာဟာ အဲဒီ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဧရိယာမှာ နေထိုင်ကြတဲ့ တောင်သူတွေရဲ့ သားသမီးတွေ တောင်းဆိုမှု တစ်လ ဒေါ် လာ ၂၄၀ မြန်မာ ကျပ်ငွေ နဲ့ ဆိုရင် နှစ်သိန်း သုံးသောင်းကျော် နဲ့ ကွဲလွဲ နေပါတယ်။

ဒါ့အပြင် စေ့စပ် ညိနှိုင်းမှု လုပ်တာ မဟုတ်ဘဲ ထုတ်ပြန်ချက် ပေးပြီး တုံ့ ပြန်တာဖြစ်တယ်လို့လည်း သင်တန်းသားတွေက ပြောပါတယ်။

အဲဒီ သင်တန်းသား ဝန်ထမ်း တွေက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဧရိယာမှာ နေထိုင်ကြတဲ့ တောင်သူတွေရဲ့ သားသမီးတွေဖြစ်ပြီး ကော်မရှင် အစီရင်ခံစာမှာ ပါတဲ့ အတိုင်း ဒေသခံ တွေကို ဝမ်ပေါင် ဘက်က ဦးစားပေးပြီးတော့ လက်ခံ ခဲ့တာ ဖြစ်ပါတယ်။

သင်တန်းသားပေါင်း ၂၃၀ ကျော် ဖြစ် ပြီး ဘွဲ့ရ အမျိုးသမီး ၈၀ နဲ ဘွဲ့ရ အမျိုးသား ၁၅၀ ကျော် ပါကြပါတယ်။

သူတို့ကို ပြီးခဲ့တဲ့ မေလ၂၆ ရက် ကစပြီး ဒီစီမံကိန်းမှာ လုပ်ဖို့ စပြီးတော့ သင်တန်းတွေ ပေးခဲ့တာ ဖြစ်ပါတယ်။

အခုသင်တန်းအပြီး စာချုပ် ချုပ်ဖို့ ပြင်တဲ့ အချိန်မှာတော့ လစာက နည်းတယ်ဆိုပြီး ညိနှိုင်းမရဖြစ်ကာ ပြဿနာတက်ကြတာ ဖြစ်ပါတယ်။

မနေ့ကတော့ ဒီပြဿနာကို လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က သွားရောက် ညိနှိုင်းပေးခဲ့ပေမဲ့ ကုမ္မဏီဘက် က တုံ့ပြန်မှုနဲ့ ပတ်သတ်လို့ အားမရတဲ့ အကြောင်း ပြောပါတယ်။

ဒေသခံ သင်တန်းသားတွေ ကတော့ ကုမ္ပဏီက ဒီလို တိုးပေးမှုကိုလက်ခံမှာ မဟုတ်ဘဲ သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေကို အဆင့်ဆင့် တောင်းဆို သွားမယ်လို့ ပြောပါတယ်။

ဝမ်ပေါင် ဘက်က အခုလိုမျိုး တုံ့ပြန်မှုတွေကြောင့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာကို ရှေ့လျှောတ် ကုမ္ပဏီ ဘက်က လိုက်နာပြီး အမှန်တကယ် အကောင်ထည်ဖော်ပါ့ မလား ဆိုတာကလည်း ဒေသခံတွေဘက်က မေးစရာ ဖြစ်နေပါတယ်။

စီမံကိန်းရပ်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေတဲ့ အချိန်မှာ ဒီလို ဒေသခံ ဝန်ထမ်းတွေ တစ်ဦးချင်းစီကိုတောင် လုံလောက်အောင် လစာမပေးနိုင်ရင်တော့ ဒီစီမံကိန်းဟာ ဒေသအတွက် အကျိုးရှိပါတယ် ဆိုတာဟာ ဒေသခံတွေအတွက် ပိုပြီး ဝေဖန် စရာ ဖြစ်လာနေပါတယ်။