ရန်ကုန်က သပိတ်တွေ သိမ်းဖို့ တိုင်း အစိုးရပြော

  • 1 ဧပြီ 2014
Image caption သပိတ်စခန်းတွေ မဖယ်ရှားရင် ဥပဒေအရ အရေးယူမယ်လို့ဆို

ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြ သူတွေ မဖယ်ရှားရင် ဥပဒေ အရ ဆက်လက် အရေးယူ ဆောင်ရွက် သွားမယ်လို့ ရန်ကုန်တိုင်း အစိုးရက ပြောပါတယ်။

နိုင်ငံတကာ ဧည့်သည်တွေ အဝင်အထွက် များလာတဲ့ ရန်ကုန်မြို့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတာ တွေဟာ နိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေတဲ့ အတွက် ထိုင်သပိတ် တွေကို ဖယ်ရှားပေးဖို့ ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။

ရန်ကုန်တိုင်း စည်ပင်၊ အိုးအိမ်နဲ့ သက်ဆိုင်ရာ ဌာနတွေ၊ လွှတ်တော် အမတ်တွေနဲ့ အတူ မြန်မာ့ ဂုဏ်ရောင် အိမ်ရာရှေ့သပိတ်စခန်းဖွင့် နေကြသူတွေ၊ မဟာ ဗန္ဓုလ ပန်းခြံနားမှာ သပိတ်စခန်း ဖွင့်နေတဲ့ မိကျောင်းကန် သိမ်းဆည်းခံ မြေတွေ ပြန်ရရေး သပိတ်မှောက် နေကြသူတွေကို ဖိတ်ခေါ် ဆွေးနွေးရာမှာ သူက ပြောခဲ့တာပါ။

မြန်မာ့ ဂုဏ်ရောင် အိမ်ရာ သပိတ်စခန်းက ဆန္ဒပြသူတွေ ဘက်ကတော့ ဝါဝါဝင်း ကုမ္ပဏီက တည်ဆောက်ထားတဲ့ အိမ်တွေဟာ တချိန်က သူတို့ ဆီကနေ သိမ်းယူ ထားတဲ့ မြေတွေဖြစ်တယ်၊ အဆင့်မြင့် အိမ်ရာ ဖော်ထုတ် ရောင်းချလိုက်တဲ့ အတွက် အကျိုး အမြတ် အများအပြား ရခဲ့တဲ့ အပေါ် မူတည်ပြီး နစ်နာကြေး ရလိုတယ်၊ ကုမ္မဏီနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးပါလို့ ပြောကြောင်း ရန်ကုန်တိုင်း လုံခြုံရေးနဲ့ နယ်စပ် ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောပါတယ်။

ဆွေးနွေး အပြီးမှာ သူတို့ သပိတ် စခန်း ကနေ ပြန်မယ်လို့ ပြောခဲ့ကြောင်းလည်း သူက ဆိုပါတယ်။

မိကျောင်းကန် သပိတ်စခန်းက လူတွေနဲ့လည်း ဆွေးနွေးခဲ့ရာမှာ အသိမ်းခံရတယ် ဆိုတဲ့ မြေတွေကိစ္စအတွက် ပိုင်ဆိုင်မှု အထောက်အထား သူ့ကို ပေးရင် ပြည်ထောင်စု အစိုးရကို ဆက်လက် တင်ပြပေးမယ်လို့ ပြောခဲ့ကြောင်း ဗိုလ်မှူးကြီး တင်ဝင်းကပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ