မဟာသန္တိသုခကျောင်းတော် ပိုင်ဆိုင်မှုအငြင်းပွား

  • 1 ဧပြီ 2014
_bbc_uttara_ ဓာတ်ပုံ မူပိုင် bbc
Image caption ပီနန်ဆရာတော် တပည့်ရင်း ဆရာတော် ဦးဥတ္တရ

ပီနန်ဆရာတော် ဘုရား အရှင် ဦးပညာဝံသ တည်ထောင်တဲ့ တာမွေ နတ်ချောင်းလမ်း မှ မဟာသန္တိသုခ ကျောင်းတော်ကြီး ကို နိုင်ငံတော် သံဃာ့ မဟာ နာယက အဖွဲ့မှ ပိုင်ဆိုင်တယ် ဆိုပြီး ပီနန် ဆရာတော် နဲ့ သီတင်းသုံး သံဃာတော် တွေ ကို မတ်လ ၃၁ ရက် နောက်ဆုံးထားပြီး ရွှေ့ဖို့ သတိပေးစာ ထုတ်ခဲ့ပါတယ်။

ပီနန်ဆရာတော် ဘုရားကြီး ဘက်ကလည်း သူပိုင်ဖြစ်တဲ့ အတွက် မပိုင်တဲ့ သူတွေ နှင်တာကို တရားမဝင်လို့ ကျောင်းတော်မှ ထွက်မပေး ဘူးလို့ ဆုံးဖြတ် ထားကြောင်း၊ ဆရာတော်ကြီး ရဲ့ တပည့်ရင်း၊ လန်ဒန် ကော်လင်းဒေး သာသနာ့ဝိဟာရ ကျောင်းထိုင် ဆရာတော် ဦးဥတ္တရ က ဘီဘီစီ ကို မိန့်ပါတယ်။

အခုလို အခြေအနေ ရောက်တာနဲ့ ပတ်သက်ပြီး ဆရာတော် ဦးဥတ္တရ က မိန့်ရာမှာ ၂ဝဝ၂ ခုနှစ် က ဆရာတော်ကြီး ပီနန် ကြွသွားချိန်မှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် နဲ့ ဂေါပကလူကြီး ဦးစောမြင့် တို့ က အုပ်ချုပ်ရေး ပျက်ပြားတယ် ဆိုကာ၊ အုပ်ချုပ်ရေး အဖွဲ့ အသစ် ပြန်ဖွဲ့ပြီး၊ နိုင်ငံတော် သံဃာ့ မဟာ နာယက အဖွဲ့ ကို ခေတ္တ အပ်နှံခဲ့တာ လို့ မိန့်ပါတယ်။

အခု ဆရာတော်ကြီး ပြန်လာကြွလာပြီး ကျောင်းတော် ကို တောင်းရာမှာ နိုင်ငံတော် က ရေစက်ချ လှူထားပြီး ဖြစ်တဲ့ အပြင်၊ မြေဂရံ မှာလည်း ဆရာတော် ရဲ့ အမည် မပေါက်ဘဲ ဂေါပကလူကြီး ဦးစောမြင့် နာမည် ဘဲ ပေါက်တယ်ဆိုပြီး၊ ပြန်ပေးဖို့ ငြင်းပယ်ပါတယ်။

ဒါပေမဲ့ ဦးစောမြင့် နာမည် ဘဲ ပါတယ် ဆိုပေမဲ့၊ ဆရာတော်ကြီး ကိုယ်စား ဆိုတာ ကို ရေးထားပါလျက်၊ စာမဖတ် တဲ့ အလား၊ တဖက်သတ် နိုင်ငံတော် သံဃာ့ မဟာ နာယက အဖွဲ့ က သူတို့ ပိုင်ဆိုင်ကြောင်း ဆုံးဖြတ်တာ ကို ဆရာတော် ဦးဥတ္တရ က ဘီဘီစီ ကို မိန့်ပါတယ်။

ဝိနည်းတော် အရ ဆိုရင်လည်း၊ သူပိုင်ပစ္စည်း ကို ကိုယ်၊နှုတ်၊ နှလုံး နဲ့ မပေးရင်၊ မတရားယူရင် ဝိနည်းတော် နဲ့ မကိုက်သလို၊ ဥပဒေ နဲ့ လည်း မညီကြောင်း၊ ဆရာတော် ဦးဥတ္တရ က မိန့်ပါတယ်။