သန်းခေါင်စာရင်း ကောက်ခံမှုကို UNFPA စိုးရိမ်ပူပန်

  • 1 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption သန်းခေါင်စာရင်း ကောက်ယူမှု အခြေအနေ

နိုင်ငံတ၀န်း သန်းခေါင်စာရင်း ကောက်ယူနေမှုမှာ ရိုဟင်ဂျာလို့ ပြောတဲ့ အိမ်ထောင်စု၀င်တွေကို အစိုးရက သန်းခေါင်းစာရင်း ထည့်သွင်း မကောက်ခံတာဟာ နိုင်ငံတကာနဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်း တွေနဲ့ မကိုက်ညီတဲ့အတွက် စိုးရိမ်ပူပန်မိတဲ့အကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က ထုတ်ပြန် လိုက်ပါတယ်။

(၂၀၁၄)ခုနှစ် သန်းခေါင်စာရင်းကောက်ခံမှုမှာ ဒီစည်းမျဉ်း စည်းကမ်းတွေကို လိုက်နာမယ်လို့ အစိုးရက (UNFPA) နဲ့ မူလက သဘောတူထားခဲ့ပေမယ့် အခုတော့ ဒီအချက်တွေကို ချိုးဖောက်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ UNFPA ရုံးရဲ့ ပြောခွင့်ရသူ William A Ryan က ပြောပါတယ်။ သန်းခေါင်စာရင်းမှာ မပါရှိပေမယ့် လူတိုင်းလူတိုင်းဟာ ဘယ် မျိုးနွယ်စု၀င်ဖြစ်တယ်ဆိုတာ မိမိကိုယ်တိုင် ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ခွင့် ရှိတယ် ဆိုတာကို UNFPA ဟာ အစိုးရနဲ့ အစောကတည်းက သဘောတူထားခဲ့တာ ဖြစ်ပါတယ်။

အခု ရိုဟင်ဂျာလို့ ပြောသူတွေကို သန်းခေါင်စာရင်းမှာ အစိုးရက ထည့်သွင်း မကောက်ခံဘူးဆိုတော့ ဒါဟာ နိုင်ငံတကာစံနှုန်းနဲ့ လူ့အခွင့်အရေး စည်းကမ်းသတ်မှတ်ချက်တွေ၊ ကတိက၀တ်တွေကို သွေဖီနေတာ ဖြစ်ပါတယ်။

UNFPA အနေနဲ့ ဒါကို အထူးစိုးရိမ်ပူပန်နေရပြီး ဒီကိစ္စကြောင့် ရခိုင်မှာ ပဋိပက္ခတွေ ပိုမိုကြီးထွားလာနိုင်သလို သန်းခေါင်စာရင်း အချက်အလက်တွေက မတိကျတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ UNFPA ရုံးရဲ့ ပြောခွင့်ရသူ William A Ryan က ပြောပါတယ်။

လူ၀င်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ကြိုင်ကတော့ အစိုးရရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ (၉၉%) အထိ အောင်မြင်မှုရှိတယ်လို့ ပြောပါတယ်။

ရခိုင်မှာတော့ ပြဿနာတွေ ထပ်ဖြစ်လာနိုင်တာကြောင့် ရိုဟင်ဂျာလို့ ပြောတဲ့ နေအိမ်တွေကို ထည့်သွင်း မကောက်ခံတာဖြစ်ပြီး သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာလို့ ရေးသွင်းဖို့ ဒေသခံတွေကို ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ လည်း ဦးမြင့်ကြိုင် ပြောပါတယ်။

ရိုဟင်ဂျာလို့ ကောက်ခံဖို့ ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဦးမြင့်ကြိုင်က ပြောပေမယ့် ဒီလို ပြုလုပ်တဲ့ အဖွဲ့အစည်းတွေနဲ့ အကြောင်းရင်း အသေးစိတ် ကို ရှင်းရှင်းလင်းလင်း ပြောတာမျိုးတော့ မရှိပါဘူး။

လက်ရှိ သန်းခေါင်စာရင်းကောက်ယူမှုမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်က ကျေးရွာတွေနဲ့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ အိမ်ထောင်စု၀င်တွေကိုတော့ သန်းခေါင်စာရင်း ကောက်ခံနိုင်တာ မရှိဘူးလို့ လူ၀င်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ထုတ်ပြန်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ