မာလ်တီဆာနဲ့ မေးမြန်းချက်

Sittwe ဓာတ်ပုံ မူပိုင် Reuters
Image caption ဖျက်ဆီး ခံခဲ့ရတဲ့ စစ်တွေက အန်ဂျီအို အဆောက် အဦ တစ်ခု

ပြီးခဲ့တဲ့ လကုန်က စစ်တွေ မြို့မှာ ပြည်ပ အန်ဂျီအို တွေနဲ့ ကုလသမဂ္ဂ အဖွဲ့တို့ရဲ့ နေအိမ်တွေနဲ့ ပစ္စည်း သိုလှောင်ရုံတွေ ဖျက်ဆီး ခံရတာနဲ့ ပတ်သက်ပြီး သမ္မတက ဖွဲ့စည်းပေးထားတဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့က ကွင်းဆင်း စစ်ဆေး နေပါတယ်။

ဒါပေမယ့် ပြဿနာ ဖြစ်လာခဲ့တဲ့ အကြောင်းရင်းဖြစ်တဲ့ သာသနာ့ အလံ ကို ဖြုတ်ချပြီး မဖွယ်မရာ လုပ်တယ်လို့ စွပ်စွဲခံရတဲ့ မာလ်တီဆာ Malteser International အဖွဲ့က Yvonne Dunton ကိုတော့ ဒေသ အာဏာပိုင်တွေက လာဆက်သွယ်တာ ရှိပေမဲ့ စုံစမ်းရေး အဖွဲ့ကတော့ စစ်ဆေး မေးမြန်းမှု မရှိသေးဘူးလို့ အဲဒီ အဖွဲ့က ပြောပါတယ်။

Yvonne Dunton အနေနဲ့ သူ့ကို မေးမြန်းမယ် ဆိုရင် ဖြေဖို့ အသင့် ရှိနေတယ်လို့ Malteser အဖွဲ့ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး အရာရှိ ယိုဟားနာ့စ် ကယ်လ်တန်ဘာ့ဟ် Mr Johannes Kaltenbach က ဘီဘီစီကို ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဖြေ- အီဗွန်ကို မြန်မာ နိုင်ငံမှာဒေသ အာဏာပိုင်တွေက လာဆက်သွယ်တာ ရှိပါတယ်။ အဓိကတော့ သူဘေးကင်း လုံခြုံရဲ့လားလို့ လာမေးတာပါ။ ပြီးတော့သူနဲ့ပတ်သက်တဲ့အချက် အလက်တွေ၊ ဖုန်းနံပါတ်တွေ ကိုလည်း မေးမြန်းသွားပါတယ်။ အဲဒါ မတ်လ ၃၀ ရက်နေ့ကလို့ ထင်ပါတယ်။ လာမေးတဲ့သူ တွေက ကျနော်တို့ရုံး ရှိတဲ့ ဗဟန်းမြို့နယ်က အရာရှိ တွေလို့ ကျွန်တော် နားလည်ထားပါတယ်။ အီဗွန်ကရန်ကုန်မှာရှိနေ ပါတယ်။

ဘီဘီစီ- စစ်တွေမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ရော အီဗွန် ဒန်တန်က ဘာပြန်ပြောပါလဲ။

ဖြေ- အဲဒီ ညကဖြစ်ခဲ့တာ တွေကိုအီဗွန်က အသေးစိတ် ပြန်ပြောပြခဲ့ ပါတယ်။ ကျွန်တော်တို့ရဲ့ ဂိုထောင်မှာ လွှင့်ထူထားတဲ့ သာသနာ့ အလံကိုသူဖြုတ်ချခဲ့တယ် ဆိုတာ မှန်ပါတယ်။ ကျွန်တော်တို့ လူသားချင်း စာနာကူညီတဲ့ အဖွဲ့အစည်းရဲ့ မူအရ ဘယ်လို ဘာသာရေး သို့မဟုတ်နိုင်ငံရေး အထိမ်းအမှတ်မျိုးကို ဖြစ်ဖြစ် ဖော်ပြ အသုံးပြုခွင့်မရှိပါဘူး။ ဒါပေမဲ့ အလံကို စကတ်လို ဝတ်တယ်တို့၊ ဘောင်းဘီ အိတ်ထဲကို ထည့်တယ်တို့ ဆိုတာတော့ မဟုတ်ပါဘူး။ အလံကိုဖြုတ်ချတော့ လူတွေဝိုင်းလာ ပါတယ်။ သူက ဘာကြောင့် ဒီလိုလုပ်ရလဲ ဆိုတာကို ရှင်းပြပေမဲ့ သူကအင်္ဂလိပ်လိုပြော၊ ဒေသခံတွေက မြန်မာလို ပြောနဲ့ ဘာသာပြန်ဖို့ အခက်အခဲရှိခဲ့ပါတယ်။ နောက်ဆယ်မိနစ်လောက် ကြာတော့ သူကအလံကို လူအုပ်ထဲက တစ်ယောက်ကို ပေးလိုက်ပြီး သူတို့က အလံကို ဂိုထောင်နားမှာ ရှိတဲ့တိုင်မှာ ပြန်တင်ခဲ့ ပါတယ်။ နောက်တော့ လူတွေပိုများ လာပြီး ည၈နာရီ ၉ နာရီလောက်မှာ သူလည်း အိမ်ပြန်သွား ပါတယ်။ သူ့အိမ်ရှေ့မှာ လူအုပ်ကြီး ရောက်လာပြီး ခဲတွေနဲ့ ပစ်ပေါက် ကြလို့မှန်တွေ ကွဲကုန်ပါတယ်။ အီဗွန်က ကြောက်နေတော့ ဘယ်လောက် ကြာလဲဆိုတာကိုတော့ မခန့်မှန်းနိုင် ပါဘူး။ နောက်တော့ အရပ်ဝတ်ရဲ တစ်ဦးနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီး တချို့ရောက်လာပြီး ညှိနှိုင်းမှုလုပ်ပြီးတဲ့ အခါ သူ့ကို ကားပေါ် တင်ပြီးရဲစခန်းကို ခေါ်သွားပါတယ်။ မကြာခင် မှာဘဲ တခြား အန်ဂျီအိုဝန်ထမ်းတွေလည်း ရောက်လာကြပါတယ်။ အဲဒီညက သူ ရဲစခန်းမှာဘဲနေလိုက်ရ ပါတယ်။

ဘီဘီစီ- စစ်တွေမြို့မှာ မာတီဆာ အဖွဲ့ရဲ့ လက်ရှိ အကူညီပေးတဲ့ အခြေအနေတွေက ဘယ်လိုရှိပါလဲ။

ဖြေ- စစ်တွေမှာ ကျွန်တော်တို့ လုပ်ငန်းတွေ အားလုံး ရပ်နားထားပါတယ်။ ခုတော့ လုပ်ငန်းတွေ ဘယ်လို ပြန်စနိုင်မလဲ ဆိုတာကို စုံစမ်းလေ့ လာမှုတွေလုပ်နေပါတယ်။ ဒေသခံ ဝန်ထမ်းတွေဆီကတော့ အားတက်စရာ သတင်းမျိုး ကြားရပါတယ်။ သူတို့ဟာ ရဲရင့်ပြီး ကျွန်တော်တို့နဲ့ အလုပ်ဆက်လုပ်ဖို့ ဆန္ဒရှိကြပါတယ်။ အစိုးရဖက်ကလည်း လုပ်ငန်း လည်ပတ်နိုင်မယ့် နေရာကို စီစဉ် ပေးနိုင်တဲ့ အလာအလာမျိုး တွေ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒေသခံ ဝန်ထမ်းတွေ ကြောက်ရွံ့စရာ မလိုဘဲ အလုပ်လုပ် နိုင်အောင် လုံခြုံတဲ့ အခြေအနေမျိုး ရှိသလား ဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။ ရန်ကုန်ကို ရောက်နေတဲ့ ဒေသခံ ဝန်ထမ်းတွေ ကလည်း အခြေအနေတွေ လုံခြုံစိတ်ချရပြီ ဆိုရင် ပြန်သွားချင်ကြပါတယ်။

ဘီဘီစီ- ဒီလိုဆိုရင် လုပ်ငန်းတွေ ပြန်လည် လည်ပတ်နိုင်ဖို့ ဘာတွေအဓိကလိုအပ်ပါလဲ။

ဖြေ- ပထမဆုံးတော့လုံခြုံရေးပါ။ ဒေသခံဝန်ထမ်းတွေရောနိုင်ငံခြားသားဝန်ထမ်းတွေရောအတွက်လိုပါတယ်။ အထူးသဖြင့် ဒေသခံဝန်ထမ်းတွေကပိုပြီးစိုးရိမ်ကြပါတယ်။ ဒုတိယကတော့ ထောက်ပံ့ပို့ဆောင်ရေးအပိုင်းပါ။ ရုံးနေရာရဖို့၊ ဂိုထောင်တို့ ကားတို့ရဖို့လိုပါတယ်။ ကျွန်တော်တို့ သုံးနေကျလူတွေ အဆက်အသွယ် တွေကလည်း ပြန်လာစေချင်ပေမယ့် ပတ်ဝန်းကျင်က ဘယ်လို သဘောထားမလဲ ဆိုတာကို မသိနိုင်ဘူး ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ