အလုပ်သမား ကိုယ်စားလှယ် ရွေးချယ်ရေး အငြင်းပွား

  • 3 ဧပြီ 2014
Image caption အလုပ်သမား ညီလာခံ ကိုယ်စားလှယ် အငြင်းပွား

မေလကုန်မှာ နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ILO က ဉီးစီး ပြုလုပ် ကျင်းပမယ့် ၁၀၃ ကြိမ်မြောက် နိုင်ငံတကာ အလုပ်သမား ညီလာခံကို တက်ရောက် ဖို့အတွက် အလုပ်သမား ကိုယ်စားလှယ် အဖွဲ့ကို ရွေးချယ်ရာမှာ အငြင်းပွားစရာ ဖြစ်နေပါတယ်။

အစိုးရအလုပ်သမား ညွှန်ကြားရေးဉီးစီးဌာနက အလုပ်သမား သမဂ္ဂတွေ ဆီကို ဆက်သွယ်ပြီး အလုပ်သမား ကိုယ်စားလှယ်တွေ ပေးဖို့ စာရင်းတောင်းထား ပါတယ်။ အဲဒီအလုပ်သမား သမဂ္ဂတွေထဲမှာ လုပ်ငန်းရှင်တွေက ဟန်ပြဖွဲ့ထားတဲ့ အလုပ်သမား သမဂ္ဂတွေလည်း ပါဝင်ပါတယ်။

အဲဒီ ကိုယ်စားလှယ် တွေထဲကနေ အစိုးရက ထပ်မံ ရွေးချယ် စေလွှတ်မယ့် အလုပ်သမား ကိုယ်စားလှယ်ဟာ အစိုးရနဲ့ နီးစပ်သူ အစိုးရအကြိုက် ရွေးချယ်ထားသူတွေသာ ဖြစ်မှာကို အလုပ်သမားတွေနဲ့ အလုပ်သမား အရေး တက်ကြွ ဆောင်ရွက်သူတွေက စိတ်ပူနေကြပါတယ်။

အလုပ်သမား အခွင့်အရေး ကာကွယ် မြှင့်တင်သူများ အဖွဲ့ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး တာဝန်ခံ မအိရွှေစင်ညွန့်ကတော့ ၂၀၁၃ ခုနှစ် တုန်းက အိုင်အယ်လ်အို က လုပ်ခဲ့သလို အလုပ်သမား ညီလာခံ ခေါ်ယူပြီး ကိုယ်စားလှယ်ကို ရွေးချယ် စေချင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ အလုပ်သမား ညီလာခံမှာ တက်ရောက်သူ ကိုယ်စားလှယ်ဟာ သက်ဆိုင်ရာ နိုင်ငံမှာ ရှိတဲ့ အလုပ်သမား အခွင့်အရေး အခြေအနေ၊ အလုပ် သမား ဥပဒေ အခြေအနေတွေကို ပြောဆို ဆွေးနွေးကြမှာ ဖြစ်တဲ့ အတွက် အရေးပါတဲ့ ကိုယ်စားလှယ် အဖွဲ့ဖြစ်ပါတယ်။