ကုလအဖွဲ့တချို့ ရခိုင်မှာ လုပ်ငန်းပြန်စရေး

  • 3 ဧပြီ 2014
ngo_from_sittwe ဓာတ်ပုံ မူပိုင် AP
Image caption ကုလ လက်အောက်ခံ INGO အဖွဲ့ဝင်များ

ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း တွေ ဟာ ရခိုင်ပြည်နယ် မှာ လူမှု ကယ်ဆယ်ရေး လုပ်ငန်းတွေ ပြန်လည် စတင် နိုင်ရေး မှာ အစိုးရ နဲ့ နားလည်မှု စာချွန်လွှာ သက်တန်း မကုန်သေးတဲ့ အဖွဲ့တွေ ဟာ အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေးစင်တာ ECC မှ တဆင့် ဆောင်ရွက် ဖို့ ကြိုးစား နေပါတယ်။

ဒီလို လုပ်ငန်းတွေ ပြန်စနိုင်ရေး အတွက် ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က သမ္မတ ဦးသိန်းစိန် နဲ့ လူသားချင်း စာနာမှု ဆိုင်ရာ ကိစ္စတွေ လုပ်ကိုင်နိုင်ရေး၊ ကုလ ဝန်ထမ်းတွေ အန္တရာယ် ကင်းစွာ လုပ်ကိုင်နိုင်ရေး တို့ ကို တယ်လီဖုန်းဆက်သွယ် ဆွေးနွေး အပြီးမှာ အခုလို သတင်း ထွက်လာတာပါ။

ဒီတခေါက် လုပ်ငန်းတွေ ပြန်စရင်၊ အရေးပေါ် ပေါင်းစပ် ညှိနှိုင်းရေးစင်တာ ECC မှ တဆင့် ပူးပေါင်းဆောင်ရွက် ရာမှာ၊ ဒီစင်တာ မှာလည်း အရေးပေါ် ကိစ္စရပ်တွေ ပေါ်လာရင်၊ ကိုင်တွယ်ဖြေရှင်း ပေးနိုင်မဲ့ လူတွေ ရှိရင်၊ ပစ္စည်း ကိရိယာ စုံမယ် ဆိုရင် ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှု အကူအညီပေးရေး အတွက်၊ အစိုးရ ရဲ့ အစီအစဉ်တွေ ကြိုဆိုတဲ့ အကြောင်း၊ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးရုံး UNOCHA က သတင်း နဲ့ ပြန်ကြားရေး အရာရှိ က ပြောပါတယ်။

အထက်ပါ လုပ်ငန်းတွေ ကို ဧပြီလ တတိယ သီတင်းပတ် မှာ ပြန်လည်စတင် ဖို့ သတင်းထွက်ပေမဲ့၊ အစိုးရ ဘက်ကရော၊ ကုလ လက်အောက်ခံ အဖွဲ့တွေ ဘက်က ရက် အတိအကျ မပြောပါဘူး။ ရခိုင်မှာ ဒုက္ခသည် တစ်သိန်းလေးသောင်းကျော် အတွက် လုပ်ငန်းပြန်စရေး အရေးကြီးရခြင်းမှာ နွေရာသီ အတွက် သောက်သုံးရေ ပြဿနာ ရှိနိုင်သလို၊ လာမယ့် မိုးရာသီ ဆိုင်ကလုံး ဝင်ရင် အကူအညီပေးရေး အသင့်ရှိဖို လိုအပ်တာ ကို UNOCHA က သတင်း နဲ့ ပြန်ကြားရေး အရာရှိ က ရှင်းပြ ပါတယ်။