လှည်းကူးမြို့မှာ ညမထွက်ရ အမိန့်ပုဒ်မ ၁၈၈ ထုတ်ပြန်

  • 4 ဧပြီ 2014
လုံခြုံရေး တာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ

သောကြာနေ့ ညနေပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့မှာ မူဆလင်နဲ့ ဗုဒ္ဓဘာသာ ဆိုင်အချင်းချင်း ရန်ဖြစ်ရာကနေ လူစုဝေးပြီး ဆူပူတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာကြောင့် ညမထွက်ရ အမိန့်ပုဒ်မ ၁၈၈ ထုတ်ပြန် ထားပါတယ်။

ခိုက်ရန် ဖြစ်ပွားမှုကြောင့် စုဝေးရောက်ရှိလာတဲ့ လူစုနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် တယောက်လည်း ဒဏ်ရာရသွားပါတယ်။

မနေ့က နေ့လည်ပိုင်းမှာ စဖြစ်ခဲ့တဲ့ဒီပဋိပက္ခဟာ ည ၉ နာရီကျော်တဲ့ အချိန်အထိ ဆက်ဖြစ်နေခဲ့ပါတယ်။

မူဆလင် နဲ့ဗုဒ္ဓဘာသာနှစ်ဦး ရန်ဖြစ်ရာကနေ ပြဿနာ စဖြစ်ခဲ့တာလို့ လှည်းကူးမြို့မှာ ရောက်နေတဲ့ သတင်းထောက်တဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီလို ပြဿနာဖြစ်ပြီးတဲ့နောက် ကပ်ကျေးနဲ့ ထိုးတယ်ဆိုတဲ့ မူဆလင်ကို ထုတ်ပေးဖို့ ဆိုပြီး သူ့ဆွေမျိုးတွေရဲ့ အိမ်ကို လူအုပ်နဲ့ ဝိုင်းပြီး တောင်းဆို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီအချိန်မှာ ရဲတပ်ဖွဲ့က ရောက်လာပြီး အခြေအနေကို ထိန်းသိမ်းခဲ့လို့ လူစု ကွဲသွားခဲ့ပါတယ်။

ဒါပေမယ့် ညဖက်မှာ နောက်ထပ်လူတွေ ပြန်စုလာပြီး ရဲနဲ့ ပြဿနာ ဖြစ်ခဲ့တယ်လို့ အစောတုန်းက သတင်းထောက်က ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင် တယောက် ခေါင်းပေါက်ဒဏ်ရာ ရသွားတယ်ဆိုတာကိုတော့ အင်းစိန်က ဒုတိယရဲမှူးကြီး ကျော်သီဟက အတည်ပြု ပြောကြားခဲ့ပါတယ်။

လူခြောက်ယောက်ကို ထိန်းသိမ်းထားတယ် ဆိုတဲ့ သတင်းတွေလည်း ရရှိခဲ့ပါတယ်။

မနေ့ညကတော့ အခြေအနေဟာ တည်ငြိမ်သွားပြီး လုံခြုံရေးတွေလည်း အများအပြားချ ထားပါတယ်။

မနေ့က ညနေပိုင်းမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးမြင့်ဆွေလည်း လှည်းကူးမြို့ကို လာရောက် သွားခဲ့ပေမယ့် ဒေသခံတွေကြားမှာတော့ ဒီပြဿနာဟာ ဒီမှာတင် ပြီးသွားပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ