မန္တလေး အောင်ပင်လယ်ဘက်မှာ မြေဖို့ နေရာချ

  • 4 ဧပြီ 2014
bbc_304x171_bbc
Image caption သဘာဝ အင်းလယ်မြေ

မန္တလေးက သမိုင်းဝင် အောင်ပင်လယ်ကန် တည်ရှိ တဲ့ နေရာ ကို၊ အာဏာပိုင်တွေ က လူနေအိမ်တွေ နဲ့ စီးပွားရေး လုပ်ငန်း လုပ်ကိုင် ခွင့် နေထိုင်ခွင့် တွေ၊ ချထား ပေးနေတဲ့ အပေါ်၊ မန္တလေး ရဲ့ အထင်ကရ ပြယုဂ်တစ်ခု ကို ဆုံးရှုံး ရတော့ မလား ဆိုပြီး၊ ဒေသခံတွေ က စိုးရိမ် နေကြပါတယ်။

အရင်က သဘာဝအင်းကြီးနဲ့ လယ်ယာတွေ ရှိခဲ့ တဲ့ နေရာမှာ၊ လူနေအိမ်တွေနဲ့ စီးပွားရေး လုပ်ငန်းတွေ က အစားထိုး နေရာယူ လာနေပြီ ဖြစ်ပါတယ်။ သဘာဝ အင်းကြီးကို မြေဖို့ပြီး၊ ဆောက်လုပ် နေကြတာမို့၊ ပတ်ဝန်းကျင် ဂေဟစံနစ်ကြီးပါ၊ ပျက်စီး ရတယ် ဆိုပြီး၊ ဝေဖန်နေကြတဲ့ မြို့ခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေလည်း ရှိပါတယ်။

မြို့ပြ ချဲ့ထွင် လွန်းလာရင်၊ လေထု ညစ်ညမ်းမှု များပြား လာနိုင်ရုံ တင်မက၊ ဖျက်ပစ်လိုက်တဲ့ လယ်မြေတွေ ဟာ ပလပ်မြေတွေ မဟုတ်ပဲ၊ တကယ် စိုက်နေ ပျိုးနေတဲ့ မြေတွေ ဖြစ်တယ် ဆိုပြီး၊ မန္တလေး အခြေစိုက် စိမ်းရောင်စို သဘာဝ ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့ရဲ့ အတွင်းရေးမှုး ကိုမောင်မောင်ဦး က ဆိုပါတယ်။

လူတွေ ဟာ နေ့စဉ် လူမှုဘ၀ထဲ လှုပ်ရှား ရုန်းကန်နေရသလို၊ နိုင်ငံရေး အပါအဝင် အခြား အကြောင်းခြင်းရာ ကိစ္စတွေ၊ တစ်ခုမဟုတ် တစ်ခု ပေါ်ပေါက်နေချိန်မှာ၊ အောင်ပင်လယ်ကန်ကြီး ဘယ်အခြေ စိုက်နေတယ် ဆိုတာ အာရုံမစိုက် ဖြစ်ကြ ချိန်မှာပဲ၊ အဲဒီ အင်းကြီး ကောမယ့် အဖြစ်ထိ ရောက်သွားတာ ပဲလို့ လည်း ဆို ပါတယ်။

အာဏာပိုင် တွေ ကိုယ်တိုင် ခွင့်ပြု ဖော်ဆောင် ထားခဲ့တဲ့ စီမံကိန်းတွေ ဖြစ်ပြီး၊ လာရောက် အခြေချတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ဟာလည်း အာဏာပိုင်တွေ နဲ့ ပတ်သက် စပ်ယှက် နေသူတွေ ဖြစ်တာ မို့၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့၊ သက်ဆိုင်ရာကို တင်ပြဖို့ရာလည်း ခက်နေပါတယ်။

အသစ်ချတဲ့ မြေနေရာတွေမှာ လူနေ အိမ်ယာ တွေ၊ အကြီးစား စက်ပစ္စည်း သိုလှောင်ဖို့ နေရာတွေ၊ ဓာတ်ဆီဆိုင် နေရာ ပေါ်ထွန်း လာရုံမက၊ ဟိုတယ်တွေလည်း ဆောက်လုပ် နေကြပါတယ်။

မန္တလေးမြို့ခံ ပတ်ဝန်းကျင်အရေး တက်ကြွ လှုပ်ရှားသူတွေ ထံက အောင်ပင်လယ် မကောရေး လှုပ်ရှားမှုတွေ မကြာခင်ပဲ ထွက်ပေါ်လာတော်မယ့် ပုံ ရှိနေ ပါတယ်။