အာစီယံ စီးပွားရေး အသိုက်အ၀န်းကို ရင်ဆိုင်ဖို့ပြင်

  • 5 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption အာစီယမ် နိုင်ငံတွေက ကာကွယ်ရေး ဝန်ကြီးတွေ ဟာဝိုင်ယီမှာ တွေ့ဆုံ

၂၀၁၅ ခုနှစ် ကျရင် စတင် ကျင့်သုံးတော့မယ့် AEC အာစီယံ စီးပွားရေး အသိုက်အ၀န်းကို ရင်ဆိုင် နိုင်ဖို့အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံရဲ့ အရှေ့ဖက် တံခါးပေါက် မြဝတီမြို့မှာ လုပ်ငန်းရှင်တွေ အတွက်၊ အလုပ်ရုံ ဆွေးနွေးပွဲတခုကို ပါရမီ စွမ်းအင် ကုမ္ပဏီက ပြုလုပ်ပေးခဲ့ပါတယ်။

လက်ရှိမှာ၊ ထိုင်းအပါအ၀င်၊ မလေးရှား၊ အင်ဒိုနီးရှား၊ စကာပူနဲ့ ဂျပန်နိုင်ငံတွေက ကုန်ပစ္စည်းတွေ မြ၀တီကတဆင့် မြန်မာနိုင်ငံထဲကို တင်သွင်းနေတာ ဖြစ်ပါတယ်။

မြန်မာ့ ထွက်ကုန်တွေကို ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၊ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေကို တင်ပို့နေတဲ့ ကုန်သွယ်ရေး လမ်းကြောင်းကြီး ဖြစ်နေပါတယ်။

ဒါကြောင့် AEC အာစီယံ စီးပွားရေး အသိုက်အ၀န်းကို ကျင့်သုံးမယ့် အချိန်မှာ ဒေသတွင်းက လုပ်ငန်းရှင်တွေ အသင့်ဖြစ်နေအောင် ကြိုတင်ဆောင်ရွက်နေတာလို့ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဉီးဇော်မင်းက ပြောပါတယ်။

AEC ကျင့်သုံးမယ့် ၂၀၁၅ ခုနှစ်ရောက်ဖို့ တနှစ်ပဲလိုပါတော့တဲ့ ဒီအချိန်မှာ မြ၀တီမြို့မှာ အလုပ်ရုံ ဆွေးနွေးပွဲဟာ အခုတကြိမ်ပဲ လုပ်ရပါသေးတာ ဖြစ်ပြီး ထိုင်းဖက် မဲဆောက်မှာတော့၊ လုပ်ငန်းရှင်တွေ ဒေသတွင်း လူထုတွေ၊ ရဲ၊ အကောက်ခွန်၊ လူ၀င်မှုကြီးကြပ်ရေး၊ အုပ်ချုပ်ရေးဌာနတွေ အပြင်၊ လိုင်းကား၊ တက္ကစီသမားတွေ၊ စားသောက်ဆိုင်၊ လက်လီဆိုင်၊ ကုန်တိုက် စတဲ့လုပ်ငန်းတွေက ၀န်ထမ်းတွေကိုပါ လေ့ကျင့် ပေးထားပြီး ဖြစ်နေပါတယ်။

အခု အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်တဲ့ ကုမ္ပဏီ အရာရှိတယောက်က သူတို့အနေနဲ့လည်း အဆင့်သင့် ဖြစ်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် AEC ကျင့်သုံးတဲ့ အချိန်မှာ ကုန်သွယ်၊ စီးပွား၊ လူမှုရေး၊ ပညာရေး စတာတွေအပြင်၊ အခုလို နယ်စပ်တွေမှာ နယ်စပ် ဖြတ်ကျော် ရာဇ၀တ်မှုတွေ၊ မူးယစ်ဆေးဝါးနဲ့ တခြားမှောင်ခိုလုပ်ငန်းတွေပါ ဖြစ်ပွားနိုင်တာကြောင့်၊ လုံခြုံရေးကဏ္ဍ၊ ရဲလုပ်ငန်း၊ လူဝင်မှုကြီးကြပ်ရေးကဏ္ဍ၊ တရားရေးကဏ္ဍတွေအတွက် ကြိုတင် ပြင်ဆင်ထားရမှာ ဖြစ်သလို၊ နှစ်နိုင်ငံရဲအဖွဲ့တွေ၊ လူ၀င်မှုကြီးကြပ်ရေးဌာနတွေ ပူးပေါင်းဆောင်ရွက်မှု စတဲ့ ကဏ္ဍတွေကိုလည်း အသင့်ဖြစ်အောင် ဆောင်ရွက်ထားဖို့ လိုတယ်လို့ နယ်စပ်က အကဲခတ်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ