လှည်းကူးမြို့ တည်ငြိမ်ပေမဲ့ ပုဒ်မ ၁၈၈ ရှိဆဲ

  • 5 ဧပြီ 2014
burma_police_ ဓာတ်ပုံ မူပိုင် AFP
Image caption မြန်မာ ရဲတပ်ဖွဲ့

ဧပြီလ ညနေပိုင်းက ရန်ကုန်တိုင်း လှည်းကူးမြို့ မှာ ဗုဒ္ဓဘာသာဝင် တဦး နဲ့ အစ္စလမ် ဘာသာဝင် တဦး တို့ ဆိုင်နီးချင်း အချင်းများ ရာမှ လူအုပ် ပါ၊ ပါ လာပြီး ခိုက်ရန် ဖြစ်ပွား ကြတဲ့ အတွက် ရဲတပ်ဖွဲ့ ဝင်တွေ က အခြေအနေ ကို ထိန်းလိုက် ပြီး၊ ပုဒ်မ ၁၈၈ ထုတ်ပြန် လိုက်ပါတယ်။

ကနေ့ မနက် မှာ တော့ အခြေအနေ တည်ငြိမ်နေပြီး၊ ပုံမှန် အနေအထား ရောက်လာပေမဲ့၊ စျေးဆိုင်တွေ ပိတ်ထားတဲ့ အကြောင်း ကိုယ်တိုင် သွားကြည့်ခဲ့တဲ့ သတင်းထောက် တဦး က ဘီဘီစီ ကို ပြောပါတယ်။

လှည်းကူး လုံခြုံရေး အခြေအနေ ကို တာဝန်ယူတဲ့ ရဲတပ်ရင်း တပ်ရင်းမှူး ဒုတိယ ရဲမှူးကြီး ကျော်သီဟ က မနေ့ည ၁၂ နာရီ နောက်ပိုင်း က စလို့ ကနေ့ မနက် အထိ အခြေအနေ တည်တည် ငြိမ်ငြိမ်ရှိကြောင်း၊ မနေ့ က ဖမ်းထားသူတွေ အနက် တချို့ကို ခံဝန် ကတိ နဲ့ လွှတ်ပေးဖို့ ရှိသလို၊ ခိုက်ရန် ဖြစ်ပွားသူ၊ ထိခိုက်ဒဏ်ရာ ရအောင် ပြုလုပ်သူတွေ ကိုတော့ ဥပဒေ ကြောင်းအရ အမှုဖွင့်၊ အရေးယူဖို့ ဆောင်ရွက် နေသလို၊ ပုဒ်မ ၁၈၈ ကို ထုတ်ထားဆဲ ဖြစ်တဲ့ အကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

ပုဒ်မ ၁၈၈ ထုတ်ရခြင်း ကလည်း ဆူပူလှုံ့ဆော် အောင် အဖျက် အမှောင့် လုပ်ငန်းတွေ မလုပ်နိုင်အောင်၊ ကြိုတင် ကာကွယ် တဲ့ အနေ နဲ့ ဖြစ်ကြောင်း၊ မနေ့ က ဆိုရင် အစ္စလမ် ဘာသာဝင် ရဲ့ အိမ် ကို လူစုလူဝေး နဲ့ ဝိုင်းပြီး၊ ခဲလုံး နဲ့ ပေါက်၊ ပါတဲ့ ပစ္စည်း နဲ့ ပစ်ပေါက် ကြတဲ့ အတွက်၊ အခြေအနေ ပိုဆိုးခဲ့ ရင် မြို့နေ လူထု ပါ ထိခိုက် မှာ စိုးလို့ ဖြစ်ကြောင်း၊ ရဲတပ်ရင်း တပ်ရင်းမှူး ဒုတိယ ရဲမှူးကြီး ကျော်သီဟ က ပြောပါတယ်။