အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ အပစ်ရပ်ဆွေးနွေးပွဲစ

  • 5 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Nyo Ohn Myint MPC
Image caption အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းတစ်ခု ထွက်လာဖို့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT)တို့ ဒီကနေ့ ရန်ကုန်မြို့မှာ ထပ်မံ တွေ့ဆုံနေကြပါတယ်။

ဒီတခေါက် ဆွေးနွေးပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်(၁၆)ဖွဲ့ကို ကိုယ်စားပြုတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ NCCT အပြင် RCSS/SSAတောင်ပိုင်း၊ UWSP ဝ အဖွဲ့၊ NDAA မိုင်းလားအပါအဝင် သီးခြားဖိတ်ကြားထားတဲ့ လက်နက်ကိုင်အဖွဲ့ (၅)ဖွဲ့က ခေါင်းဆောင်တွေ၊ စစ်တပ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ တက်ရောက်လာတဲ့အတွက် ထူးခြားတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲ စတဲ့ ဒီကနေ့မှာတော့ အစိုးရနဲ့ NCCT ဘက်က တင်ပြထားတဲ့ အပစ်ရပ်မူကြမ်း(၂)ခုထဲက (၂)ဘက်ခေါင်းဆောင်တွေ ပြင်ဖို့ သဘောတူထားတဲ့ အချက်တွေ ဆွေးနွေးခဲ့တယ်လို့ NCCT အဖွဲ့ ရဲ့ ဒုတိယခေါင်းဆောင် ပဒိုစောကွယ်ထူး၀င်းကပြောပါတယ်။

တခုတည်းသော တနိုင်ငံလုံးအပစ်ရပ်ရေး စာချုပ်မူကြမ်း ထွက်လာဖို့ ရည်ရွယ်တဲ့ ဒီဆွေးနွေးပွဲဟာ (၂)ရက်ကြာမယ်လို့ ဆိုပေမယ့် လုပ်ငန်းအခြေအနေအရ ဆွေးနွေးပွဲမပြီးပြတ်ဘူးဆိုရင်တော့ ဒီထက်ရက် ပိုကြာနိုင်တယ်လို့ ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေ က ပြောပါတယ်။

ဒီအစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားတွေနဲ့ အစိုးရအကြား အပစ်အခတ်ရပ်စဲရေးအတွက်လိုင်ဇာ နဲ့ လောခီးလာ လို ညီလာခံကြီးတွေ ကျင်းပဆွေးနွေးခဲ့ပြီး ခုချိန်အထိလည်း (၂)ဘက်သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေး မူကြမ်းထွက်လာဖို့ ခေါင်းဆောင်တွေ ဆွေးနွေးနေဆဲ ဖြစ်ပါတယ်။

ဒါပေမယ့် တိုင်းရင်းသားတွေ လက်နက်ကိုင်တွေဘက်က အဖွဲ့အစည်းအစုံအလင် နဲ့အစိုးရဘက်က စစ်တပ် နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အများအပြား တက်ရောက်လာတဲ့ အခုမူကြမ်းဆွေးနွေးပွဲကနေ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် သဘောတူလက်မှတ်ရေးထိုးနိုင်ဖို့ ကိုတော့ အများက မျှော်လင့်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ