အပစ်ရပ်မူကြမ်း ဆွေးနွေးပွဲ မပြီးပြတ်သေး

  • 6 ဧပြီ 2014
304x171 ဓာတ်ပုံ မူပိုင် Nyo Ohn Myint MPC
Image caption အပစ်ရပ်မူကြမ်း ဆွေးနွေးပွဲ

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းတစ်ခု ထွက်လာဖို့၊ အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေး အဖွဲ့ (NCCT) တို့ ရဲ့ ဆွေးနွေးပွဲ ကို ဒုတိယမြောက်နေ့ အဖြစ် ဆက်လက် ပြုလုပ် ပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပနေတဲ့ အဆိုပါ ဆွေးနွေးပွဲမှာ၊ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး မူကြမ်းရဲ့ အခန်း (၇)ခန်းထဲက အခန်း (၁)မှာ ပါရှိတဲ့အခြေခံ မူနဲ့ ပတ်သတ်ပြီး၊ အချက်တွေကို ဆွေးနွေးတာ ဖြစ်ပါတယ်။ ဘာတွေ အဓိကဆွေးနွေး ဖြစ်သလဲ ဆိုတာကိုတော့ (၂)ဘက်စလုံးက တိတိကျကျ ထုတ်ပြန်တာ မရှိပါဘူး။

ဒါပေမယ့် အပစ်ရပ်ရေး မူကြမ်း ထွက်လာဖို့ မှာ အဓိက အကျဆုံး အခြေခံမူ အချက်အလက်တွေ ကို ညှိနှိုင်း ဆောင်ရွက်မှုတွေ မပြီးပြတ်သေးလို့ NCCT အဖွဲ့ ဒုတိယခေါင်းဆောင် ပဒို စောကွယ်ထူး၀င်း ပြောပါတယ်။

နှစ်ပါင်း ၆၀ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်တဲ့၊ ဖက်ဒရယ် ပြည်ထောင်စု အရေးနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ကိစ္စတွေလို အရေးကြီးတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြရတာ ဖြစ်တဲ့အတွက်၊ အချိန်ယူပြီး သူ့အမြင် ကိုယ့်အမြင်တွေကို ဖလှယ်ဖို့ လိုတယ်လို့ NCCT ရဲ့ ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဆလိုင်းလျန်မှုန်းက မှတ်ချက် ပေးခဲ့ပါတယ်။

ဒီလို အချိန်ယူ ရမှာ ဖြစ်လို့၊ အခု ဆွေးနွေးပွဲကနေ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး မူကြမ်းဟာ အပြီးသတ် ထွက်လာနိုင်ဖို့ မျှော်လင့် မထားဘူး ဆိုပြီးတော့လည်း ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောခဲ့ပါတယ်။

ဒီမူကြမ်းဆွေးနွေးပွဲဟာ (၂)ရက်ကြာမယ်လို့ အစက ထုတ်ပြန်ထားပေမယ့်၊ ဒီကနေ့အထိ ဆွေးနွေးချက်တွေဟာ မပြီးပြတ်သေးတာကြောင့် နောက်ထပ်ရက်တွေ ထပ်ကြာ နိုင်ပါသေးတယ်။