ဘီဘီစီ မြန်မာပိုင်း ရုပ်မြင်သံကြား စလွှင့်

  • 7 ဧပြီ 2014
bbc burmese tv ဓာတ်ပုံ မူပိုင် burmese
Image caption ဘီဘီစီမြန်မာပိုင်း ရုပ်မြင်သံကြား အစီအစဉ်ဖွင့်ပွဲ အခမ်းအနား က ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် နဲ့ ဘီဘီစီ အကြီးအကဲ Tony Hall

ဧပြီလ ၇ရက် တနင်္လာနေ့ကစလို့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ် ကထုတ်လွှင်တဲ့ ရုပ်မြင်သံကြား အစီအစဉ် တွေ ကို ကြည့်ရှုနိုင်ပါပြီ။

ဘီဘီစီ မြန်မာပိုင်း အစီအစဉ် က တင်ဆက်ပေးမယ့် ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းတွေကိုSKY Net ရဲ့ MNTV ရုပ်သံ လိုင်းပေါ်ကနေ ထုတ်လွှင့် ပြသပေးတာဖြစ်ပြီး တနင်္လာနေ့ကနေ သောကြာနေ့ထိ နေ့စဉ် ညနေ ၈နာရီ ၄၅မိနစ်မှာ မြန်မာပြည်က ပရိဿတ်တွေ ကြည့်ရှုနိုင်ပါပြီ။

ဘီဘီစီ မြန်မာပိုင်း ရဲ့ အင်တာနက်စာမျက်နှာ www.bbcburmese.com မှာလည်း ဒီရုပ်မြင်သံကြား အစီအစဉ် ကို ကြည့်ရှုနိုင်မှာပါ။

ဓာတ်ပုံ မူပိုင် burmese
Image caption ဘီဘီစီမြန်မာပိုင်း ဌာနမှူး ဒေါ်တင်ထားဆွေ

ဘီဘီစီ မြန်မာပိုင်းရဲ့ ဌာနမှူး ဒေါ်တင်ထားဆွေ က ဘီဘီစီ မြန်မာပိုင်းရဲ့ ရေဒီယို အစီအစဉ် တွေဟာ ဘက်လိုက်မှု ကင်းပြီး ယုံကြည်စိတ်ချ ရတဲ့ အတွက် နားဆင်သူ သောတရှင် အများအပြား ရှိပြီး အခုတော့ MNTV နဲ့ လက်တွဲလို့ ရုပ်သံ အစီအစဉ်တွေပါ တင်ဆက် ပေးနိုင်ပြီ ဖြစ်တာကြောင့် သမိုင်းမှတ်တိုင် တခု စိုက်ထူ နိုင်တာဖြစ်ပါတယ် လို့ဆိုပါတယ်။

MNTV ဥက္ကဌ ၊ ရွှေသံလွင် မီဒီယာ ကုမ္ပဏီ လီမိတက်ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဒေါ် နန်းမောက် လောဝ်ဆိုင် ကလည်း အခုလို ဘီဘီစီနဲ့ လက်တွဲ ဆောင်ရွက်ရတာကို ကျေနပ် ဝမ်းသာ မိတဲ့ အကြောင်း ပြောပါတယ်၊ ပုဂ္ဂလိက မီဒီယာ ကုမ္ပဏီ တခုအနေနဲ့ အခုလို ဘီဘီစီနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်တာကို ဂုဏ်ယူ မိသလို ရေရှည် လက်တွဲ ဆောင်ရွက် သွားဖို့ကိုလည်း မျှော်လင့် မိတယ် လို့ ဆိုပါတယ်။

အခုလို ဘီဘီစီမြန်မာပိုင်းရဲ့ ရုပ်မြင်သံကြား အစီအစဉ်ဖွင့်ပွဲ ကို ရန်ကုန် က Chatrium ဟိုတယ်မှာ တနင်္လာနေ့ ညနေပိုင်းက ကျင်းပခဲ့ပြီး အခမ်းအနား ကို အစိုးရ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်၊ ဘီဘီစီ ကော်ပိုရေးရှင်း ရဲ့ ညွှန်ကြားရေးမှူးချုပ် Tony Hall၊ ဘီဘီစီ မြန်မာပိုင်းဌာနမှူး ဒေါ်တင်ထားဆွေ တို့လည်း တက်ရောက်ကာ အမှာစကား ပြောကြားခဲ့ပါတယ်။