မူအရ ကွဲလွဲချက်တွေ မညှိနိုင်သေး

MPC and NCCT meeting ဓာတ်ပုံ မူပိုင် Nyo Ohn Myint MPC
Image caption ရန်ကုန် ငြိမ်းချမ်းရေး စင်တာမှာ ကျင်းပတဲ့ အပစ်ရပ် ဆွေးနွေးပွဲ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသားများ ဘက်က တစ်နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ရဲ့ ဆွေးနွေးပွဲမှာ မူပိုင်းဆိုင်ရာ အဓိက ကျတဲ့ အချက်တွေ တွေကို သဘောတူညီမှု မရပဲ ပြီးဆုံးသွားခဲ့ ပါတယ်။

ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေး စင်တာမှာ လေးရက်ကြာ ဆွေးနွေးခဲ့ကြ ပြီးတဲ့နောက် နှစ်ဘက် ပူးတွဲ ကြေညာချက် ထုတ်ပြန် ခဲ့ကြပေမဲ့ အဲဒီထဲမှာ အသေးစိတ် ကိုတော့ ဖော်ပြ ထားခြင်း မရှိပါဘူး။

အဓိက ကွဲလွဲ နေကြတာတွေ ကတော့ တော်လှန်ရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ ဖက်ဒရယ် စတဲ့ စကား အသုံး အနှုံးတွေ ဖြစ်တယ်လို့ NCCT အဖွဲ့ ကိုယ်စားလှယ် တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ ဆလိုင်း လျန်မုန်းက ပြောပါတယ်။

လေးရက်ကြာ ဆွေးနွေးကြ ရာမှာ အပစ်အခတ် ရပ်စဲရေး မူကြမ်းနဲ့ ပတ်သက်ပြီး ၆၀ ရာခိုင်နှုန်း လောက် သဘောတူညီချက် ရခဲ့ပေမဲ့ ၄၀ ရာခိုင်နှုန်း လောက်တော့ ကျန်သေးတယ်လို့ NCCT အဖွဲ့က ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။

အဲဒီထဲမှာ ၁၀ ရာခိုင်နှုန်း လောက်က နှစ်ဘက်လုံး သဘောမတူနိုင်ဘဲ ညှိနိုင်းရခက် နေတယ်လို့လည်း သူက ပြောပါတယ်။

ဆွေးနွေးရာမှာ ပါဝင်သူ အစိုးရဘက်က ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး ကတော့ နှစ်ဘက် သဘောတူမယ့် တစ်ခုတည်းသော မူကြမ်း မကြာခင် ထွက်လာမယ်လို့ ပြောပါတယ်။

အပစ်ရပ်ရေး မူကြမ်း ထွက်လာဖို့ NCCT နဲ့ အစိုးရကြား နောက်တစ်ကြိမ် ဆွေးနွေးပွဲကိုတော့ မေလဆန်းမှာ ပြုလုပ်ဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ