INGO တွေ ပြန်လည်ခွင့်ပြုရေး ဗြိတိန်ပြော

  • 8 ဧပြီ 2014

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်း တွေနဲ့ လုပ်ငန်းတွေကို ရခိုင်ပြည်နယ်မှာ အမြန် ဆုံး ပြန်လည်ခွင့်ပြုဖို့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးကို ယူကေ နိုင်ငံခြားရေးရုံးက သတိထောက်လွှာ ပေးအပ်ခဲ့ပါတယ်။

အာရှဒေသဆိုင်ရာ ဒုတိယဝန်ကြီး ဟူဂိုဆွိုင်းယားက မြန်မာသံအမတ်ကြီးကို ခေါ်ယူ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရ အနေနဲ့ ရခိုင်ဒေသက အကူအညီ လိုအပ်သူ အားလုံးဆီကို အထောက်အပံ့တွေ ရောက်ရှိအောင် ပေးအပ်နိုင်ဖို့အတွက် အမြန်ဆုံး စီစဉ် ဆောင်ရွက်ဖို့၊ အကူအညီပေးရေး အဖွဲ့အစည်းတွေက ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို အာမခံချက်ပေးဖို့ တောင်းဆိုချက်တွေ ပါပါတယ်။

ရိုဟင်ဂျာဆိုတဲ့ နာမည်ကို ကာယကံရှင်ဆန္ဒအတိုင်း သုံးစွဲခွင့် မပေးတာနဲ့ ပက်သက်ပြီး မြန်မာအစိုးရရဲ့ သန်းခေါင်စာရင်း ကောက်ယူပုံကို တော်တော်လေး စိတ်ပူတယ်လို့လဲ သူတို့က ဒီသတိထောက်လွှာမှာ ပြောထားပါတယ်။

မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းက ဒါဟာသံတမန် နည်းလမ်းအရ နှစ်နိုင်ငံကြားမှာ ကျေနပ်မှု မရှိကြောင်း ပြသဖို့ လုပ်လေ့ရှိပြီး သူတာဝန် ထမ်းဆောင်ခဲ့ ကာလအတွင်း ဒါဟာ ဒုတိယအကြိမ် ဖြစ်တယ်လို့ ပြောပါတယ်။

ပထမအကြိမ်မှာ သူ့ကို ပြန်ရှင်းပြခွင့် ပေးခဲ့ပေမယ့် အခုတကြိမ်မှာ ဒီသတိထောက်လွှာကို ဖတ်ပြပြီး လက်ထဲ ထည့်ပေးကာ ပြန်လည် ချေပခွင့် မပေးခဲ့ဘူးလို့လဲ ပြောပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ