ဘီဘီစီညွှန်ချုပ် သမ္မတဦးသိန်းစိန်နဲ့ တွေ့

_tony_hall
Image caption မြန်မာနိုင်ငံရောက် ဘီဘီစီညွှန်ချုပ် တိုနီဟောလ်

ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် တိုနီဟောလ် ဦးဆောင်ပြီး၊ ဘီဘီစီ သတင်းဌာန အကြီးအကဲ၊ ဘေဂျင်းဗြူရို အကြီးအကဲ၊ မြန်မာနိုင်ငံ အခြေစိုက် ဘီဘီစီ သတင်းထောက် နဲ့ အတူ မြန်မာဌာနမှူး ဒေါ်တင်ထားဆွေ တို့ဟာ ဧပြီလ ၈ ရက်နေ့ က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန် နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီအခါမှာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး နဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတာတွေ အပြင်၊ သတင်း မီဒီယာ ကိစ္စရပ်တွေ ဆွေးနွေးကြပါတယ်။ မြန်မာ့အသံ ကို အများပြည်သူ ဝန်ဆောင်မှု ပြုနိုင်အောင် ကြိုးစား နေချိန်မှာ သတင်းထောက် တွေ ရဲ့ အရည်အသွေး လည်း မြှင့်တင်ဖို့ လိုတဲ့ အတွက်၊ သင်တန်း တွေ တက်ဖို့ လိုကြောင်း၊ ဒါ ကို ဘီဘီစီ အနေနဲ့ သင်တန်းပေးနိုင်ရေး ကို သမ္မတ ဦးသိန်းစိန် က တင်ပြ ဆွေးနွေးပါတယ်။

သမ္မတ ဦးသိန်းစိန် အနေနဲ့ လွတ်လပ်တဲ့ မီဒီယာ ကို လက်ခံနိုင်တဲ့ အနေအထားရှိတယ် လို့ ယူဆနိုင်ပေမဲ့၊ စနစ်တခု ကနေ စနစ်တခု ပြောင်းရာမှာ ခြေလှမ်းတိုင်း သတိထားရမဲ့ အချက် ကို ထောက်ပြကြောင်း၊ ဒေါ်တင်ထားဆွေ က ရှင်းပြပါတယ်။

ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည် နဲ့ ဘီဘီစီ ညွှန်ကြားရေးမှူးချုပ် တိုနီဟောလ် တွေ့ဆုံရာ မှာလည်း မြန်မာ့ အသံမှ သတင်းထောက်တွေ ကို ဘီဘီစီ မှာ လေ့လာခွင့် ပြုစေတဲ့ အခါမှာ၊ စီမံခန့်ခွဲရေး အပိုင်း၊ သတင်း တင်ပြ တည်းဖြတ်မှု စတာတွေ အပါအဝင် ဖြစ်ကြောင်း ပြောဆိုပါတယ်။ ဘီဘီစီ ဘက်ကလည်း မြန်မာ့ အသံမှာ လာရောက်လေ့လာရင်၊ နှစ်ဘက်စလုံးနားလည်မှု၊ ယုံကြည်မှု တွေ ပိုမို တည်ဆောက် လာနိုင်ပုံတွေ ဆွေးနွေးကြောင်းလည်း ဒေါ်တင်ထားဆွေ က ပြောပါတယ်။