အန်ဂျီအိုတွေ ရခိုင်ကိုပြန်သွားနိုင်မယ့် အလားအလာ

  • 10 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဖျက်ဆီးခံခဲ့ရတဲ့ ယူနီဆက်ဖ် ရုံးနဲ့ပစ္စည်းတွေ

ရခိုင်ပြည်နယ်မှာ INGO တိုက်ခိုက် ခံခဲ့ရမှုအတွက် စုံစမ်းရေး ကော်မရှင်ရဲ့ အစီအရင်ခံစာ အပေါ်မူတည်ပြီး အစိုးရက သတင်း ထုတ်ပြန်ခဲ့တဲ့အထဲမှာ ကုလသမဂ္ဂနဲ့ INGO တွေ ရခိုင်ပြည်နယ်မှာ သူတို့ရဲ့ ရည်မှန်းချက်တာဝန်တွေကို မူလအခြေအနေအတိုင်း ပြန်စ နိုင် အောင် ကူညီ စောင့်ရှောက်ပေးမယ်လို့ ဖေါ်ပြခဲ့ပါတယ်။

နောက်ပြီး နိုင်ငံရေးရှုပ်ထွေးနေတဲ့ အချိန်မှာ၊ အမျိုးသားရေး နှိုးဆွခြင်းမျိုးနဲ့၊ သွေးထိုးလှုံ့ဆော်နေတဲ့ အုပ်စု တည်ရှိနေတာကို အသိအမှတ်ပြုတဲ့ အပြင်၊ ဒေသခံ အာဏာပိုင်တွေ ဘက်ကလည်း၊ တုံ့ပြန်ထိန်းသိမ်းနိုင်စွမ်း နှေးကွေးတယ်လို့လည်း ဝန်ခံထားပါတယ်။

INGO အလှူရှင်တွေရဲ့ ပရဟိတလုပ်ငန်းတွေ၊ ပုံမှန်မလည်ပတ်နိုင်တော့တဲ့ ကာလအတောအတွင်း၊ အဲဒီ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ အကူအညီတွေကို အဓိက မှီခိုနေရတဲ့ ဒုက္ခသည်တွေဟာ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပိုင်းမှာ ထိခိုက်မှုတွေ ရှိနေတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြောပါတယ်။

INGO ရဲ့ လုပ်ငန်းတွေ ရပ်တန့် နေရချိန်မှာ၊ အစိုးရဘက်ကလည်း လိုအပ်နေတဲ့ ကွက်လပ်တွေကို ဖြည့်ပေးတယ်လို့လည်း ပြောခဲ့ပေမယ့် ဒုက္ခသည်တွေအပေါ် ကျန်းမာရေး စောင့်ရှောက်မှု၊ စားနပ်ရိက္ခာ ပံ့ပိုးမှုနဲ့ အသိပညာ ဗဟုသုတ ဖြန့်ဝေမှုတွေမှာ၊ နိုင်ငံတကာ ပရဟိတသမားတွေရဲ့၊ လုပ်ဆောင်နိုင်စွမ်းနဲ့ ဂရုစိုက်မှု အတိုင်းအတာကို၊ ဒီအစားထိုး ဆောင်ရွက်မှုတွေက ပြည့်မှီအောင် မဖြည့်စည်း နိုင်ဘူးလို့ ဒုက္ခသည်တွေက ဆိုပါတယ်။

ဒီတော့ INGO တွေဟာ၊ အစိုးရရဲ့ ကတိကဝတ်အတိုင်း လုံခြုံရေး အာမခံချက်နဲ့တကွ ဘယ်လောက် မြန်မြန် ရခိုင်ပြည်နယ်မှာ ကူညီရေး လုပ်ငန်းတွေ အပြည့်အဝ ပြန်စနိုင်မှာပါလဲ။

မတ်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံး သွားခဲ့တာဟာ၊ အဆောက်အဦတွေ မော်တော်ယာဉ်တွေ ဂိုထောင်တွေလို၊ ရုပ်ဝတ္ထု ပစ္စည်း သက်သက် မကပါဘူးလို့ မြန်မာနိုင်ငံက ကုလသမဂ္ဂ အရာရှိတဦးက ပြောဆိုခဲ့ပြီး ကဏ္ဍအသီးသီးမှာ လည်ပတ်လှုပ်ရှားနေတဲ့ ယန္တယားကြီး တစ်ခုလုံး၊ ရပ်တန့်သွားရတာမို့၊ နဂို အရှိန်ပြန်ရအောင် ကြိုးစားရမှာ ဖြစ်လို့ ၊ အတော် အချိန်ယူရမှာလို့ ဆိုပါတယ်။

ဒါ့အပြင် အစိုးရအနေနဲ့ကလည်း၊ INGO တွေအပါအဝင်၊ ဒေသခံ လူမှုအုပ်စု အသီးသီးရဲ့ လုံခြုံရေးကို အာမခံတဲ့နေရာမှာ၊ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေရဲ့ တည်ရှိမှုကို၊ အသိအမှတ် ပြုရုံနဲ့တင် မလုံလောက် နိုင်ပါဘူး။ အမျိုးသားရေး အစွန်းရောက် အယူ ထကြွလာစေတဲ့၊ အရင်းခံပြသနာတွေကို ဘယ်လောက်ထိ ဖြေရှင်းနိုင်မလဲဆိုတာကလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

လောလောဆယ်မှာတော့ အလှုရှင်နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးရုံးက ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို၊ ဆင့်ခေါ်ပြီး ရခိုင်ပြည်နယ်မှာ INGO တွေကို ကူညီရေး လုပ်ငန်းတွေ၊ ပြန်လည် စတင်ဖို့ သတိထောက်လွှာ ပေးခဲ့သလို လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေကလည်း ရခိုင်မှာ INGO တွေ မရှိတဲ့အတွက် ဒုက္ခသည်တွေရဲ့ လူလူချင်းစာနာမှုဆိုင်ရာ အထောက်အကူတွေ မရနိုင်တဲ့အပေါ် စိုးရိမ်ကြောင်း ပြောဆိုနေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ