ဝမ်ပေါင် အလုပ်သမားတွေ လခတိုးရေး ဆန္ဒပြ

  • 10 ဧပြီ 2014
Protesters against Letpadaung Project ဓာတ်ပုံ မူပိုင် AFP
Image caption လက်ပံတောင်း စီမံကိန်း လု့းဝ ရပ်ဆိုင်းရေး ဆန္ဒပြမှုတွေ ရှိခဲ့

မုံရွာတဖက်ကမ်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ခွင့်ရတဲ့ ၀မ်ပေါင် ကုမ္ပဏီက အလုပ်သင် သင်တန်းသား ၂၀၀ကျော်က အခြေခံလစာ တိုးပေးဖို့ ဆန္ဒပြခဲ့ကြ ပါတယ်။

ကြေးနီ စီမံကိန်း ဧရိယာအတွင်း မြေယာ ဆုံးရှုံးတဲ့ ကျေးရွာ ၂၆ ရွာက ပညာတတ် လူငယ် ၂၀၀ ကျော်ကို ဝမ်ပေါင် ကုမ္ပဏီမှာ အလုပ်ခန့်ဖို့ သင်တန်း ပေးတဲ့ကာလမှာ ပြဿနာ တက်နေ ကြတာ ဖြစ်ပါတယ်။

သင်တန်းသား လူငယ် ၂၃၄ ယောက်က သူတို့ကို ပေးတဲ့ အခြေခံ လစာ ဒေါ်လာ ၁၂၀ ဟာ နည်းလွန်းတယ်ဆိုပြီး ဒေါ်လာ ၂၄၀ အထိ တိုးပေးဖို့ ညောင်ပင်ကြီး ကူးတို့ဆိပ်ကနေ ဝမ်ပေါင် ကုမ္ပဏီရှိတဲ့ ပုသိမ် မုံရွာလမ်း တလျှောက်မှာ ကြာသပတေး နေ့က ဆန္ဒပြခဲ့ကြ တာပါ။

ဆန္ဒပြပွဲ ဦးဆောင်သူ တစ်ယောက်ဖြစ်တဲ့ ကိုဖြိုးညီထွေးက သူတို့ အနေနဲ့ အလုပ်သဘော အတိမ်အနက်ကို အရင်က မသိခဲ့ဘဲ လက်တွေ့ လုပ်ငန်းခွင် လေးလ ဝင်တော့မှ စွန့်စားရတာတွေ၊ အန္တရာယ် များတာ တွေကို သိလာရတယ်၊ အစီရင်ခံစာမှာ ပါတာတွေနဲ့ လည်း လက်တွေ့ မကိုက်ညီဘူးလို့ ပြောပါတယ်။

ဝမ်ပေါင် ကုမ္ပဏီ ဘက်ကတော့ ဒီသင်တန်းသား တွေဟာ သူတို့ ဝန်ထမ်း မဖြစ်သေးလို့ လခ တိုးမပေးသေးတာ ဖြစ်တဲ့အကြောင်းနဲ့ နောင် အလုပ်ခန့်ရင် ကျွမ်းကျင် အဆင့်အလိုက် တိုးပေး နိုင်မှာပါလို့ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှု မန်နေဂျာ ဦးမြင့်သိန်းက ပြောပါတယ်။

အခု ဆန္ဒပြ အလုပ်သမား တွေဟာ လက်ပံတောင်း စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ အတိုင်း ဒေသခံတွေကို အလုပ် အကိုင် ရှာဖွေပေးဖို့ ဆိုတဲ့အချက်ကို အကောင်ထည်ဖေါ်မှုအရ ဒုတိယ အသုတ် ပေးတဲ့ သင်တန်းသားတွေ ဖြစ်ပါတယ်။

ပထမ သင်တန်းသားတွေ ကတော့ လုပ်ငန်းခွင် ဝင်နေကြပြီး အခြေခံ လစာ ဒေါ်လာ ၃၀၀ နဲ့အထက် ရရှိကြတယ်လို့ သိရပါတယ်။