အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲဖြစ်

  • 11 ဧပြီ 2014
_kia_304x171 ဓာတ်ပုံ မူပိုင် Reuters
Image caption ကေအိုင်အေ နဲ့ အစိုးရတပ် တိုက်ပွဲ

မနေ့က ကချင်ပြည်နယ် မှာ KIA နဲ့ အစိုးရ တပ်တွေ တိုက်ပွဲ ဖြစ်ပွား ခဲ့တဲ့ အတွက် ဒုက္ခသည် စခန်း နဲ့ အနီးအနား ကျေးရွာတွေမှာ နေထိုင် ကြသူတွေ ဟာ တရုတ်ပြည်ဖက် ကို ထွက်ပြေး နေရ ပါတယ်။

နလန်ဘန်း လို့ ခေါ်တဲ့ နေရာမှာ မနေ့က တိုက်ပွဲတွေ ရာမှာ၊ ဒီနေရာဟာ လက်ဂတ် ရန် ဒုက္ခသည် စခန်းနဲ့ မီတာ ငါးရာလောက်ပဲ ဝေးတယ် လို့ အဲဒီစခန်းမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ လူထုအလင်း လို့ ခေါ်တဲ့ WNP အဖွဲ့ က လုပ်ငန်းတာဝန်ခံ ဒေါ်မေရီ က ဘီဘီစီ ကို ပြောပါတယ်။

တစ်နေကုန် တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အကြောင်း၊ လက်နက်ကြီးတွေနဲ့လဲ ပစ်ခတ်ကြတဲ့အတွက် အသက်လေးဆယ် အရွယ် ရှမ်းရွာသားတစ်ဦး ခြေထောက်မှာထိခိုက် ဒဏ်ရာ ရခဲ့ ပါတယ်။ လက်ဂတ်ရန် ဒုက္ခသည်စခန်းမှာ ရွှေ့ပြောင်း ဒုက္ခသည် ၁၀၀၀ နီးပါး ရှိနေတာဖြစ်ပြီး၊ အခု တိုက်ပွဲကြောင့် သူတို့ဟာ လုံခြုံရေး ကို စိတ်ပူ နေကြပါတယ်။ အနီးအနား ရွာတွေက တချို့ လူတွေလဲ တရုတ်ပြည်ဖက်ကို ရှောင်တိမ်း ထွက်သွားကြတယ်လို့ သိရပါတယ်။

ဒါပေမယ့် တိုက်ပွဲ ဖြစ်ပွားနေတဲ့ အသံတွေကြောင့် တရုတ်စစ်တပ်က နယ်စပ်ကို ရောက်လာတဲ့အတွက် နယ်စပ်ဂိတ် ဖြတ်ကျော်ခွင့် လက်မှတ် မရှိတဲ့ လူတွေ အတွက် ရှောင်တိမ်းဖို့ အခက်အခဲ ဖြစ်နေ ရပါတယ်။

IRRC လို့ ခေါ်တဲ့ ရွှေ့ပြောင်း ဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေး ကော်မတီက တော့ ဒီလူတွေ ကို ကူညီနေပါတယ်။ IRRC က ကူညီတဲ့ ဒုက္ခသည်တွေကိုတော့ တရုတ်နယ်စပ် နွမ်မွန် ရှမ်းရွာက စာသင်ကျောင်းတစ်ခု ကို ခဏ ပို့ထားတယ်လို့ ပြောပါတယ်။ မကြာသေးမီ က အစိုးရတပ် က အရာရှိ တစ်ယောက် ကချင်ပြည်နယ် မှာ ကျသွားတာနဲ့ အခုတိုက်ပွဲတွေ ဆက်စပ် နိုင်သလား ဆိုတော့ ဒေါ်မေရီက သူ့အနေနဲ့ တိုက်ပွဲရဲ့ အသေးစိတ်တွေ ကို မသိနိုင်ဘူး လို့ ပြောပါ တယ်။ ဒါပေမယ့် ဖြစ်နိုင်ချေ ရှိတယ်လို့ ထင်ခဲ့တဲ့ အကြောင်းကိုတော့ ဒေါ်မေရီ ပြောပါတယ်။ အခု ဒုက္ခသည်တွေဟာ ၂၀၁၃ ဇန်နဝါရီလတုန်းက နမ်လင်းပါ ဒုက္ခသည်စခန်း ကနေ ထပ်ဆင့် တိမ်းရှောင်လာရတဲ့ ဒုက္ခသည်တွေ ဖြစ်ပြီး ယခုအကြိမ်ဟာ စစ်ဘေးက နေရာရွှေ့ပြောင်း တိမ်းရှောင်ရတာ တတိယ အကြိမ်ဖြစ်နေပါပြီ။