နိုင်ငံတကာအဖွဲ့များ ရခိုင်ကို ပြန်သွားပြီ

  • 11 ဧပြီ 2014

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ လကုန်က ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေကြောင့် ထွက်ခွာသွားခဲ့ကြရတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အန်ဂျီအို အဖွဲ့တွေ ထဲက တချို့ကို စစ်တွေ ကိစ္စ စုံစမ်းရေး ကော်မရှင် ဥက္ကဌ နယ်စပ်ရေးရာ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်းက ဒီကနေ့ ပြန်ခေါ်သွားခဲ့ပါတယ်။

WFP နဲ့ UNHCR အပါအဝင် အရေးကြီးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပြန်ရောက်လာပြီး လူမှုအကူအညီပေးရေး လုပ်ငန်းတွေ ပြန်လည် စတင်ဖို့အတွက် ရှေ့ဆက်လက် ဆောင်ရွက်မယ့် အစီအစဉ်တွေကို ဆွေးနွေးလျှက် ရှိပါတယ်။

ပြီးခဲ့တဲ့ ပဋိပက္ခတွေနဲ့ တော်တော်လေး ပက်သက်ခဲ့တဲ့ အဖွဲ့ တချို့ကတော့ ပြန်မပါလာသေးဘူးလို့ သိရပါတယ်။

ဒီအဖွဲ့တွေရဲ့ လုံခြုံရေး၊ ရေရှည် တည်မြဲရေးတို့ အတွက် ဘာတွေ လုပ်ဆောင်ပေးမှာလဲ ဆိုတာကို ဗိုလ်ချုပ် မောင်မောင်အုန်းကို မေးမြန်းကြည့်တဲ့အခါ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အနေနဲ့ ပြီးခဲ့တဲ့ ပြသနာကို သင်ခန်းစာ ယူပြီးလုံခြုံရေးကို အပြည့်အဝ လုပ်ဆောင်ထားတယ် လို့ ပြောပြပါတယ်။

လောလောဆယ်တော့ သူတို့ကို စစ်တွေမြို့က ဟိုတယ် တစ်ခုမှာ ထားပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေကို သီးသန့်နေရာ တစ်ခု စီစဉ်ပေးမှာပါ။

ဒါပေမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အားလုံး ပါဝင်လုပ်ဆောင်နေတဲ့ ကာလ ဖြစ်တဲ့အတွက် ပြီးခဲ့တဲ့ ပဋိပက္ခတွေကို ဘယ်သူတွေ ဘယ်အဖွဲ့အစည်းတွေ က လုပ်ဆောင်ခဲ့လဲ ဆိုတာကိုတော့ သူ့အနေနဲ့ သုံးသပ် မသွားပါဘူး။

ဒါကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကသာ ဆက်လက် ဆောင်ရွက်လိမ့်မယ် လို့ သူက ပြောခဲ့တာပါ။

အမုန်းတရားတွေကို ရေးသားဟောပြော ဆွေးနွေးဖြန့်ချီမှုတွေ ရှိနေတယ် ဆိုတာကို မှန်ကန်ကြောင်း ဗိုလ်ချုပ်မောင်မောင်အုန်းက ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာက ဒါမျိုးတွေကို ဟောပြောဆွေးနွေးတာတွေ မလုပ်ကြဖို့ အတတ်နိုင်ဆုံး စည်းရုံးပြောဆိုနေပါတယ် လို့ သူက ဆက်ရှင်းပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ