ရန်ကုန် မန်းအမြန်လမ်း ကားနှစ်စင်းတိုက်လို့ လူ ၁၂ ဦးသေ

  • 12 ဧပြီ 2014
ဓာတ်ပုံ မူပိုင် U Ye Htut s FB
Image caption မတော်တဆဖြစ်မှုများတဲ့ ရန်ကုန် မန္တလေး အမြန်လမ်း

ဒီမနက် စောစော ၂နာရီကျော်လောက်မှာ တောင်ကြီးကနေ ရန်ကုန်ကိုသွားတဲ့ တောင်ပြာတန်းခရီးသည်တင်ကားဟာ ဖြုးမြို့ ယာဉ်ရပ်နားစခန်းမရောက်ခင် မိုင်တိုင်အမှတ် ၁၁၆ မိုင် ၂ဖါလုံမှာ ကိုယ်ပိုင် ဆလွန်းကားလေးကို နောက်ကနေဝင်တိုက်လို့ ၂စီးလုံး မီးလောင်သွားပြီး ကားလေးပေါ်က ၆ဦးနဲ့ နောက်ခရီးသည်တင်ကားပေါ်က ၆ ဦးမီးလောင်သေဆုံးခဲ့ပါတယ်။

ဒဏ်ရာရသူ ၅ဦးထဲမှာ မီးလောင်ရသူတဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ၁၁၅မိုင် အမြန်လမ်း ရဲစခန်းတာဝန်မှူး ကပြောပါတယ်။

ခုဖြစ်တဲ့ ကားမတော်တဆမှုကို ဖြူးမြို့က အရေးပေါ်လူနာတင်ယာဉ်နဲ့ ကြက်ခြေနီတို့က သွားရောက်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

၁၁၅ မိုင်ဝန်းကျင်မှာ ဒီနှစ်အတွင်း ယာဉ်တိုက်မှု ၅ ကြိမ်ရှိသွားခဲ့ပြီ ဖြစ်ပြီးအခုလို ယာဉ် ၂စီးလုံး မီးလောင်တဲ့ ဖြစ်စဉ်ကတော့ ၁၁၅မိုင်ဝန်းကျင်မှာရော အမြန်လမ်းမှာပါ ပထမဦးဆုံးအကြိမ်ဖြစ်တာလို့ အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကပြောပါတယ်၊

ဒီလမ်းမပေါ်မှာ မတော်တဆဖြစ်မှုတွေဟာ လုံခြုံစိတ်ချရမှုနည်းတဲ့ ကွန်ဂရစ်လမ်းဖြစ်တာအပြင် သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်တာတွေနဲ့ ယာဉ်မောင်းတွေရဲ့ ပေါ့ဆမှုကြောင့် အများဆုံးဖြစ်တယ်လို့ နေ့စဉ်သွားလာနေတဲ့ ကားသမားတွေက ပြောကြပါတယ်။