ရခိုင်ပါတီ ခေါင်းဆောင် ဖမ်းခံထားရစဉ် သေဆုံး

  • 12 ဧပြီ 2014
Sittwe INGO attack ဓာတ်ပုံ မူပိုင် Reuters
Image caption ႈINGO ရုံးတွေတိုက်ခိုက်ခံရမှုမှာ လှုံ့ဆော်တဲ့ အဖွဲ့ရှိတယ်လို့ စုံစမ်းရေးကော်မရှင်က ဆိုထား။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မတ်လ ၂၆ ရက်နေ့ ၂၇ ရက်နေ့က နိုင်ငံတကာ အန်ဂျီအိုရုံးတွေ တိုက်ခိုက်ခံရမူနဲ့ ဆက်စပ်ပြီး စစ်တွေထောင် ထဲမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ရခိုင်အမျိုးသား ပါတီက ဗဟိုကော်မီတီ အဆင့်ရှိသူ ဦးမောင်သိန်းဟာ စစ်တွေ ဆေးရုံကြီးမှာ ဧပြီလ ၁၁ ရက်နေ့ညက သေဆုံးသွားခဲ့ပါတယ်။

ဆရာဝန် စစ်ဆေးချက်အရ ဦးမောင်သိန်းဟာ ဦးနှောက် သွေးကြောပြတ်ပြီး ဆုံးပါးတာလို့ ဆိုပေမယ့် မိသားစု၀င် တွေကတော့ ဦးမောင်သိန်း သေဆုံးရတာနဲ့ ပတ်သက်လို့ နှိပ်စက်မူတွေ ရှိတယ်လို့ စွပ်စွဲ ပြောဆိုပါတယ်။

သားကြီးဖြစ်သူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုနိုင်စိုးက သူ့ဖခင် ဦးမောင်သိန်းကို ဖမ်းသွားပြီးတဲ့ နောက်တနေ့မှာပဲ တရားရုံးမှာ ရက်ချိန်း သွားယူတဲ့အခါ အစာမစား ရေမသောက်ရပဲ မနက် ၁၀ နာရီက နေ့လယ် နှစ်နာခွဲလောက်အထိ အချုပ်ကားပေါ်မှာ နေနေရတယ်လို့ ဆိုပါတယ်။ နေရှိန်ပြင်းတဲ့ အောက်မှာ ကားထဲမှာ ကျန်တဲ့လူ ၁၀ ယောက် ကျော်နဲ့ အတူ ထည့်ထားတဲ့ အတွက် အဲဒီနေ့မှာပဲ အချုပ်ထောင်ကို ပြန်ရောက်တဲ့ အခါ ဆေးရုံတင်လိုက် ရတယ်လို့ ကိုနိုင်စိုးက ပြောပါတယ်။

ဦးမောင်သိန်းကို မတ်လ ၃၁ ရက်နေ့ ညမှာ တခြားသူ ၁၁ ဦးနဲ့ အတူ နိုင်ငံတကာ အန်ဂျီအိုရုံးတွေကို တိုက်ခိုက်ရာမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ရဲအင်အား ၁၀ဝ ခန့်က သူ့နေအိမ်ကို ဝင်စီးပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးပြီးတဲ့ နောက်မှာ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပမ်းမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မမှန်ပါဘူးလို့ ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး အရာရှိ ဦးဝင်းမြိုင်က ပြောပါတယ်။ ဦးမောင်သိန်းဟာ သွေးတိုးရောဂါ အခံနဲ့ ဆုံးပါးသွားတာ ဖြစ်ပြီး ရဲတွေက သူ့ကို လက်ဖျားနဲ့တောင် မထိခဲ့ပါဘူးလို့ ဦးဝင်းမြိုင်က ပြောပါတယ်။

သေဆုံးသွားသူ ဦးမောင်သိန်းရဲ့ နှမအရင်း ဖြစ်သူ ဒေါ်ခင်မြဝင်းလည်း မနေ့က ထောင်ထဲမှာ သတိမေ့သွားတဲ့ အတွက် စစ်တွေဆေးရုံကို အရေးပေါ် တင်ပို့ခဲ့ရတယ်လို့ သိရပါ့တယ်။

ဒါပြင် အခု ဖမ်းဆီးခံထား ရတဲ့သူတွေဟာ ဖမ်းဆီးခံ ထားရတာ ရက်ပေါင်း ၁၅ ရက်ခန့် ရှိနေပြီ ဖြစ်ပေမယ့်လည်း မိသားစုနဲ့ ထောင်ဝင်စာ တွေ့ခွင့် မရကြသေးဘူး လို့လည်း သိရပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ရခိုင်က အင်အားကြီး နှစ်ပါတီ ဖြစ်ကြတဲ့ RNDP နဲ့ ALD တို့ ပူးပေါင်းပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ ပါတီဖြစ်ပါတယ်။

စစ်တွေမှာ INGO တွေ တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ သမ္မတက ဖွဲ့စည်းပေးထားတဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာ မှာတော့ ပဋိပက္ခတွေ စတင်ဖြစ်ပွားအောင် လှုံ့ဆော်တဲ့ အဖွဲ့ရှိခဲ့တယ်လို့ ဆိုထားပေမယ့် ဘယ်အဖွဲ့လည်း ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။