၂၀၁၄ ခုနှစ် သင်္ကြန် စပြီ

  • 13 ဧပြီ 2014
_thingyan_ ဓာတ်ပုံ မူပိုင် AFP
Image caption သင်္ကြန်ပွဲ ဆင်နွှဲ

ရိုးရာ သင်္ကြန်ပွဲတော် ဆင်နွှဲကြပုံတွေဟာ တစ်နှစ်ထက်တနှစ် မတူလို့ ပြောင်းလဲ လာပါတယ်။ ၂၀၁၄ ခုနှစ် သင်္ကြန်မှာ၊ ခေတ် ရေစီးကြောင်းနဲ့ မျောပါလာတဲ့ သင်္ကြန် သီချင်းတွေ၊ အကတွေ၊ ၀တ်စား ဆင်ယင်မှု အပြောင်းအလဲ တွေဟာ သိသာနေပါတယ်။ လူငယ်တွေ ကြားမှာတော့ အရင်က တူးပို့တူးပို့ လို ရိုးရာ သင်္ကြန် သီချင်းသံတွေ အစား ခေတ်ပေါ် ဟစ်ဟော့ပ်တို့ ရော့ခ်တို့လို သီချင်း သံစဉ်တွေက လွှမ်းမိုး ထားပါတယ်။

ရေကစားမဏ္ဍပ်တွေ နဲ့ ရေကစားဖို့ ပြင်နေသူ အရေအတွက်ဟာ အရင် နှစ်တွေကထက် စာရင်၊ ဒီနှစ်မှာတော့ သိသိသာသာ ပိုများနေပါတယ်။ ရေကစားမဏ္ဍပ်တွေကလည်း၊ ကိုယ့်မဏ္ဍပ်မှာ လူပိုစည်ဖို့၊ သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားနေပါတယ်။

Channel 5 ရေကစားမဏ္ဍပ်ရဲ့ စီစဉ်သူ ကိုသစ်မင်းဆွေ ကတော့ မဏ္ဍပ်ထိုင်မယ့်သူတွေ အတွက် နိုင်ငံခြား ဒီဂျေကို ငှားရမ်းတဲ့ ၀န်ဆောင်မှုတွေကို အပြိုင်အဆိုင်ပေးနေတယ်လို့ ဆိုပါတယ်။

ရေကစားမဏ္ဍပ်ရဲ့ လက်မှတ်ဈေးနှုန်းက လူတစ်ဦးကို ကျပ် (၃)သောင်းခွဲ ကနေ (၁)သိန်းလောက်အထိ ၀န်ဆောင်မှုပေးတဲ့အပေါ် မူတည်ပြီး ဈေးပေါက်နေတာပါ။ ထူးထူးခြားခြား ၀န်ဆောင်မှုတွေအဖြစ် မဏ္ဍပ်တွေမှာ စုံတွဲတွေအတွက် အထူးခန်းတွေ ထားရှိတယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်နေပါတယ်။

မဏ္ဍပ်မှာပေးနေတဲ့ ၀န်ဆောင်မှုတွေဟာ ကခုန်ကြတဲ့ ကလပ်ပုံစံမျိုး ပိုဆန်လာတာမို့၊ သူကတော့ ကားနဲ့ပဲ လျှောက်လည်မယ်လို့ ရန်ကုန်မှာ သင်္ကြန်ကျနေတဲ့ မနိုဘယ်လ်က ပြောပါတယ်။

မဏ္ဍပ်တွေမှာ ကလပ်လို ဒီဂျေ သီချင်းတွေဖွင့်ပြီး ကလို့ ရနေတာ ဖြစ်လို့ကို မဏ္ဍပ်ထိုင် ရေကစားရတာ ပိုကြိုက်တယ် ဆိုပြီး လူငယ်တစ်ဦးကတော့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအကူးအပြောင်းကြောင့် ဆိုပီး လူငယ်တွေဟာ ပြောဆိုနေထိုင်ရာမှာ အရင်ကထက် လွတ်လွတ်လပ်လပ် လုပ်လာကြပေမယ့်၊ သင်္ကြန်ပွဲမှာတော့ လူငယ်တွေ အနေနဲ့ အ၀တ်အစား အတိုအပြတ်တွေ၀တ် ၊ သီချင်းသံစဉ် အသစ်အဆန်းတွေနဲ့ ဆင်နွှဲတာမျိုးကတော့ အရင်ကတည်းက ရှိခဲ့တယ်လို့ မရှင်သန္တာက မှတ်ချက်ပေးပါတယ်။

သင်္ကြန်ကာလ အတွင်းမှာတော့ အဖော်အချွတ် ၀တ်စားဆင်ယင်မှုတွေ၊ sexy dance လို့ ခေါ်ဝေါ်လေ့ရှိတဲ့ လိင်အသားပေးအကတွေ၊ မူးယစ်ရမ်းကားတာတွေကို တားမြစ်တဲ့ စည်းမျဉ်း ဥပဒေတွေကို အာဏာပိုင်တွေက နှစ်စဉ်ဆိုသလို ထုတ်ပြန်လေ့ ရှိပါတယ်။ ဒါပေမယ့် သင်္ကြန်ကာလ ပြီးသွားရင်တော့၊ ဒီလို အပြုအမူတွေ လုပ်နေခဲ့ကြတဲ့ လူငယ်တွေရဲ့ ပုံတွေကတော့ အင်တာနက်ပေါ်မှာ အမြဲ ပျံ့နှံ့လာလေ့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ