ရခိုင်သင်္ကြန်ကို ရန်ကုန်မှာ စည်စည်ကားကား ကျင်းပ

  • 13 ဧပြီ 2014
ဓာတ်ပုံ မူပိုင် others
Image caption ရခိုင်သင်္ကြန်ကို ခါတိုင်းနှစ်တွေထက် ပိုစည်ကားအောင် ကျင်းပဖို့ စီစဉ်

၁၁ကြိမ်မြောက် ရန်ကုန်သင်္ကြန်ကို ခါတိုင်း နှစ်တွေထက် ပိုစည်ကားအောင် ကျင်းပဖို့ ရခိုင် အမျိုးသားတွေ စီစဉ်နေရာမှာ ရန်ကုန်မြို့ သုဝဏ္ဍ အားကစားကွင်းမှာ မြို့နယ်နဲ့ အသင်းအဖွဲ့ ကိုယ်စားပြု မဏ္ဍပ်ပေါင်း ၁၆ ခုထိ ပါဝင်ပြီး ရခိုင် ရိုးရာ အစဉ်အလာ အတိုင်း လှေတွေမှာ ရေဖြည့်ပြီး ရေကစားကြမယ်လို့ သိရပါတယ်။

စနေနေ့တုန်းကတော့ ဘုရား ရေသပ္ပါယ်ဖို့ နံ့သာသွေးပွဲကို ရန်ကုန်မြို့ ရခိုင်ဓမ္မာရုံမှာ ကျင်းပ ပြုလုပ်ခဲ့ပြီး လူပေါင်း တထောင်ကျော်ထိ ပါဝင် ဆင်နွဲခဲ့ကြပါတယ်။

အဲဒီ နံ့သာသွေးပွဲကို ရန်ကုန်မှာ ရှိနေတဲ့ ရခိုင် အမျိုးသမီး အဖွဲ့ပေါင်း(၁၆) ဖွဲ့က ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဒီလို နံ့သာသွေးတဲ့ အခါ အမျိုးသမီးငယ်တွေက အုပ်စုဖွဲ့ပြီး နံ့သာသွေးကြသလို ကာလသား တွေကလည်း သံချပ်တွေ အပြိုင်ထိုးပြီး ပါဝင် ဆင်နွဲလေ့ ရှိပါတယ်။

ရခိုင်ရိုးရာ အစဉ်အလာအရ နံ့သာသွေးပွဲကို ပထမဆုံး ပြုလုပ်ရပြီး အဲဒီနံ့သာတွေနဲ့ နောက်တစ်နေ့မှာ ဘုရားကို ရေသပ္ပါယ်ကြရပါတယ်။

ဘုရား ရေမသပ္ပါယ်ပဲ ရေကစားခွင့် မရှိကြပါဘူး။

ဒီအစဉ်အလာဟာ ဘီစီ ၅ ရာစု ရခိုင်ဘုရင် စန္ဒသူရိယ မင်းလက်ထက်က ဘုရားရှင်ရဲ့ ရုပ်ပွားတော်ကို အမွှေးနံ့သာတွေနဲ့ ပက်ဖျန်း ပူဇော်ရာကနေ ဆင်းသက် လာတယ်လို့ ရခိုင်အမျိုးသားတွေက ယုံကြည်ကြပါတယ်။

တနင်္ဂနွေနေ့ မနက်မှာတော့ ဘုရားရေသပ္ပါယ်တဲ့ ပွဲကို ရန်ကုန်မှာ ဆက်လက် ပြုလုပ်ကြမှာဖြစ်ပါတယ်။

ရေသပ္ပါယ်ပြီးတာနဲ့ ရန်ကုန် ရေကစားပွဲကို နေ့လယ်ပိုင်းမှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

အရင်နှစ်တွေကတော့ ရန်ကုန် ရခိုင်သင်္ကြန်မှာ ရေကစား မဏ္ဍပ်ပေါင်း ၁၀ခု ကျော်သာ ပါဝင်ခဲ့ပေမယ့် အခုလို ၁၆ ခုထိ အရေအတွက် များများနဲ့ ပါဝင်တာ မရှိခဲ့ဘူးလို့ သိရပါတယ်။

ခုလို မဏ္ဍပ်တွေ တိုးလာတာကတော့ ရန်ကုန်မှာ ရခိုင်သင်္ကြန်ကို စိတ်ဝင်စားသူတွေ တိုးပွားလာသလို ရန်ကုန်တိုင်း ဒေသကြီး ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာန ကလည်း ဦးစီး ဦးဆောင် ပြုလုပ် ကျင်းပပေးတဲ့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။