ဂျာမနီရောက် မြန်မာမိသားစုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့မယ်

  • 13 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာလင် မြို့တော်ဝန်နဲ့ အတူ ဘာလင်တံတိုင်း အမှတ်တရ နေရာကို သွားရောက်ကြည့်ရှုခဲ့

ဂျာမနီ အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ဘာလင်မြို့မှာ ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဂျာမနီရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံဖို့ ရှိပါတယ်။

စနေနေ့ မနက်တုန်းကတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ ဂျာမန် ပါလီမန်ကို သွားရောက်ခဲ့ပြီး ဘတ်ဂျက် ကိစ္စနဲ့ ပတ်သက်လို့ အမတ်တွေ အပြန်အလှန် ငြင်းခုံနေတာကို လေ့လာသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာလင်မြို့တော်ဝန်နဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအတွင်း ပြည်တွင်းစစ် မပြီးဆုံးသေးတာကို ထည့်ပြောသွားခဲ့ပြီး တမျိုးသားလုံး ပါဝင်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ကို အတော်လေး ကြိုးစားသွားရဦးမယ်လို့ ဝန်ခံ ပြောဆို သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း အခြေအနေက ရှေ့ကိုတော့ သွားနေပါတယ်လို့ ဆိုပါတယ်။

ဘာသာရေး ပဋိပက္ခတွေကြောင့် လူတန်းစား အသီးသီး ထိခိုက် ခံစားနေရတယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျာမနီ ခရီးစဉ် အပြီးမှာ ပြင်သစ်နိုင်ငံဆီ ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။