ဒုက္ခသည်တွေကို တရုတ်ဘက်က လက်မခံလို

KIA Soldiers
Image caption ကေအိုင်အေ စစ်သားများ

ကေအိုင်အေနဲ့ အစိုးရ စစ်တပ် ကြားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေ အခုချိန်ထိ ဆက်ဖြစ်နေ တယ်လို့ သိရပါတယ်။

မိုးမောက်မြို့နယ် အတွင်း ကေအိုင်အေ စစ်စခန်း တစ်ခုကို အစိုးရ တပ်ဘက်က ဝင်တိုက်ခဲ့တယ်လို့ ဒုက္ခသည် တွေကို ကြည့်ရှု စောင့်ရှောက်နေတဲ့ WPM အဖွဲ့က ဒေါ်မေရီတော်မ်က ပြောပါတယ်။

ပြည်တွင်းမှာရော နယ်စပ်က တဆင့် တရုတ်နိုင်ငံ ဘက်ကို ထွက်ပြေး ခိုလှုံ နေရတဲ့ ဒုက္ခသည်တွေလည်း တစ်သောင်းလောက် ရှိနေတယ်လို့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ် ပေးနေသူတွေက ပြောပါတယ်။

ကြာသပတေးနေ့ ကတော့ မေတ္တာ ဖောင်ဒေရှင်း၊ KBC နဲ့ WPM အပါအဝင် ဒေသခံ လူမှု အဖွဲ့အစည်း ၉ ဖွဲ့ စုပေါင်းပြီး စစ်ပွဲတွေ ချက်ချင်း ရပ်ဖို့နဲ့ ဒုက္ခသည်တွေရဲ့ အသက်ရှင်သန် ရပ်တည်ရေး အပါအဝင် အချက် ၅ ချက်ကို တောင်းဆို ခဲ့ကြ ပါတယ်။

အဲဒီ အချက်တွေက အပစ်အခတ်ချက်ချင်း ရပ်ဖို့၊ နှစ်ဘက် အနေနဲ့ လူသားချင်း စာနာ ထောက်ထားမှုရှိပြီး လူ့ အခွင့် အရေး တွေကို လေးစားလိုက်နာဖို့၊ နေရပ်စွန့်ခွာ ထွက်ပြေး ကြရသူတွေရဲ့ လုံခြုံရေးကို အကာအကွယ် ပေးဖို့၊ တရုတ် အစိုးရက အပြည်ပြည်ပြည် ဆိုင်ရာ ဒုက္ခသည်များ ဆိုင်ရာ ဥပဒေတွေကို လိုက်နာပြီး ဒုက္ခသည်တွေကို နေရပ် ပြန်မပို့ဖို့နဲ့ နိုင်ငံတကာက ဒုက္ခသည်တွေကို အကူအညီ ပေးဖို့ စတာတွေ ဖြစ်တယ်လို့ ဒေါ်မေရီတော်မ်က ပြောပါတယ်။

တရုတ် နိုင်ငံဘက်ခြမ်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည် ပေါင်း နှစ်ထောင် ကျော်လောက် ရှိပြီး တချို့က ဒုက္ခသည် စခန်းမှာ နေထိုင်ကြသလို တချို့ကတော့ နီးစပ်ရာ ဆွေမျိုးသားချင်း တွေနဲ့ နေထိုင်ကြတယ်လို့ သူက ပြောပါတယ်။

တရုတ် နိုင်ငံဘက်ခြမ်းက လုန်ကရော့ ဒုက္ခသည် စခန်းမှာ သူရှိနေတဲ့ အချိန်မှာကိုပဲ တရုတ် အာဏာပိုင်တွေ ရောက်လာပြီး ဒုက္ခသည်တွေကို စခန်းမှာ မနေဖို့နဲ့ ချက်ချင်း ထွက်ခွာဖို့ ပြောခဲ့တယ်လို့ ဒေါ်မေရီတော်မ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ