မြန်မာနဲ့ ဗြိတိန် နိုင်ငံခြားရေး ပေါ်လစီ

  • 15 ဧပြီ 2014

သင်္ကြန်မတိုင်ခင်လေးမှာ ထုတ်ပြန်လိုက်တဲ့ ဗြိတိသျှ အစိုးရရဲ့ ၂၀၁၄ ခု ပထမ သုံးလပတ် အစီရင်ခံစာမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ အတော်များများ တွေ့ရတယ်လို့ ဝေဖန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူမျိုးရေး ပြဿနာတွေနဲ့ ပတ်သက်လို့ ဖြေရှင်းရာမှာ တိုးတက်မှု မတွေ့ရဘူးလို့ အဲဒီ အစီရင်ခံစာမှာ ဆိုထားသလို MSF NGO အဖွဲ့ကို ရခိုင်ပြည်နယ်မှာ ဆက်လုပ်ခွင့် မပေးတာ၊ သန်းခေါင်စာရင်း ကောက်ရာမှာ နိုင်ငံတကာနဲ့ သဘောတူထားတဲ့ အတိုင်း ကိုယ်ဘာလူမျိုးဖြစ်တယ် ဆိုတာ လွတ်လပ်စွာ ဖော်ပြခွင့် မရတာတွေကို အစီရင်ခံစာက ဝေဖန်ထားပါတယ်။

ဒါ့အပြင် ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေနဲ့ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းတွေကို ရေးဆွဲတဲ့ အခါမှာလည်း နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီအောင် ရေးဆွဲဖို့ ဗြိတိသျှ အစိုးရက တိုက်တွန်းထားပါတယ်။

ဒီတော့ ဗြိတိသျှ အစိုးရဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မူဝါဒတွေ ပြောင်းလာတဲ့ သဘောမျိုးပါလား။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေကို စောင့်ကြည့်နေတဲ့ Burma Campaign UK အဖွဲ့ရဲ့ ဒါရိုက်တာ Mark Farmner ကို ဆက်သွယ် မေးကြည့်တော့ ခုလို ပြောပါတယ်။

Mark Farmner။ ။ အခု ထွက်လာတဲ့ သုံးလပတ် အစီရင်ခံစာမှာ လေသံကတော့ ပြောင်းသွားတာ သေချာပါတယ်။ ဒါပေမယ့် မူဝါဒတော့ ပြောင်းတာ မတွေ့ရသေးပါဘူး။

၂၀၁၃ နောက်ဆုံး သုံးလပတ် အစီရင်ခံစာမှာ လူ့အခွင့်အရေး ပြဿနာတွေကိုတော့ ဘာမှ မပြောဘဲ အကောင်းချည်းပဲ ပြောထားလို့ ဗြိတိသျှ အစိုးရရဲ့ လူ့အခွင့်အရေး အစီရင်ခံစာနဲ့ မတူဘဲ မြန်မာ သမ္မတရုံးက ရေးထားသလား ထင်ရအောင် အံသြစရာ ကောင်းပါတယ်။ ဒါကြောင့် Burma Campaign UK က ဗြိတိသျှ အစိုးရဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို ဘယ်လို လျှော့ပေါ့ ပြောခဲ့လဲ ဆိုတာကို စာတမ်းတစောင် ထုတ်ပြန်ခဲ့ပါတယ်။ ခုထွက်လာတဲ့ အစီရင်ခံစာကတော့ အဲဒါတွေနဲ့ အတော် ခြားနားပါတယ်။

ဒါဟာ ဗြိတိသျှ အစိုးရရဲ့ စိုးရိမ်မှုကို ပြတာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ လွန်ခဲ့တဲ့ သုံးလအတွင်း နှေးကွေးသွားယုံတောင် မကဘဲ နောက်ပြန် လှည့်နေတဲ့ ပုံမျိုး မြင်နေရပါတယ်။

မေး။ ဒါတွေကို ထောက်ပြတာတော့ ဟုတ်ပါပြီ။ မြန်မာ အစိုးရဖက်ကကျတော့ ဘယ်လောက် နားထောင်မယ်လို့ မျှော်လင့်ပါလဲ။

Mark။ ။ ပြောဖို့ ခက်ပါတယ်။ မြန်မာ အစိုးရဟာ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတယ် ဆိုတာကို နိုင်ငံတကာက လက်ခံလာအောင် လုပ်ပြပြီး ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းအောင်၊ အကြွေးတွေ လျှော်ပစ်အောင်၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ အကူအညီတွေ ရအောင် ကြိုးစားခဲ့ရာမှာ အောင်မြင်ခဲ့ပါတယ်။

ဒီတော့ အခု အစီရင်ခံစာကို မြန်မာ အစိုးရက မှတ်သားမိမှာ ဖြစ်ပေမယ့် တကယ် သူတို့အပေါ် အကျိုးသက်ရောက်မှု ရှိမလား ဆိုတာတော့ ခုချိန်မှာ ပြောဖို့ စောပါသေးတယ်။

ဗြိတိသျှ အစိုးရ အနေနဲ့ မြန်မာနိုင်ငံကို ပွင့်ပွင့်လင်းလင်း မဝေဖန်တဲ့ မူဝါဒ၊ လူ့အခွင့်အရေးထက် ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးတဲ့ မူဝါဒ ရှိနေတုန်းလို့ ထင်ပါတယ်။ ဒါပေမယ့် တကယ့် ပြဿနာတွေကို ခုလို ထုတ်ဖော် ပြောလာတာကိုတော့ ကြိုဆိုရမှာ ဖြစ်ပါတယ်။

ဘီဘီစီ။ ။ အခုအချိန်မှာ တမ္ဘာလုံးက မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲနေပြီလို့ မြင်ကြတယ်။ တကယ်လဲ ပြောင်းလဲလာတာတွေ ရှိနေတဲ့ အခါကျတော့ ဗြိတိသျှ အစိုးရ အနေနဲ့ မြန်မာနိုင်ငံကို ဘယ်လို မူဝါဒမျိုး ထားသင့်တယ် ထင်လို့ပါလဲ။ ဝေဖန်တာ သက်သက်ဘဲ လုပ်သင့်တယ်လို့ Burma Campaign UK က ထင်လို့လား။

Mark Farmner။ ။ မြန်မာပြည်မှာ အကြီးမားဆုံး အပြောင်းအလဲ တခုကတော့ လူတွေအနေနဲ့ သူတို့ရဲ့ အခွင့်အရေးတွေကို ထုတ်ဖော် တောင်းဆိုလာနိုင်တဲ့ အချက်ပါ။ မြန်မာပြည်သူတွေ အနေနဲ့ တိုင်းပြည် တိုးတက် ပြောင်းလဲအောင် အစိုးရကို တာဝန်ခံခိုင်းတာမျိုး ပိုလုပ်နိုင်အောင် နိုင်ငံတကာက ဝိုင်းပြီး ပံ့ပိုး ကူညီသင့်ပါတယ်။ အခု သူတို့ရဲ့ ချဉ်းကပ်ပုံက မြန်မာပြည်သူတွေကို ကူညီတာ မဟုတ်ဘဲ ဦးသိန်းစိန် အစိုးရကို ကူညီတာသာ ဖြစ်နေပါတယ်။ ဒါမှားနေပါတယ်။ ပြည်သူတွေကို အားပေးကူညီတဲ့ ပုံစံမျိုး ဖြစ်အောင် ပြောင်းရပါမယ်။

ဘီဘီစီ။ တကယ်တော့ ဗြိတိသျှ အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာ နောက်ထပ် ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လို လုပ်သင့်တယ် ဆိုတာကို သံတမန် နည်းလမ်းနဲ့ တိုးတိုးတိတ်တိတ် အကြံပေးတာတွေရော မရှိနိုင်ဘူးလား။

Mark Farmner။ ။ ကျွန်တော်တို့ အတွေ့အကြုံ အရတော့ မြန်မာအစိုးရကို တိုးတိုးတိတ်တိတ် သံတမန် နည်းလမ်းနဲ့ ချဉ်းကပ်လို့ အလုပ် မဖြစ်ပါဘူး။ ဒါကို ဦးနေဝင်း အစိုးရ လက်ထက်မှာရော၊ ဦးစောမောင် လက်ထက်မှာရော၊ ဦးသန်းရွှေ လက်ထက်မှာရော အလုပ်မဖြစ်သလို ဦးသိန်းစိန် လက်ထက်မှာလည်း အလုပ်မဖြစ်ပါဘူး။ လူထုဖိအားနဲ့သာ ပြောင်းအောင် လုပ်လို့ ရနိုင်ပါတယ်။

သမ္မတနဲ့ သွားတွေ့ပြီး တိုးတိုးတိတ်တိတ် အကြံပေးတဲ့အတွက် လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် သွားတယ် ဆိုတာမျိုး ကျွန်တော်တော့ မကြားဘူးသေးပါဘူး။ ပြည်တွင်းက ဒါမှမဟုတ် နိုင်ငံတကာက ဖိအားပေးမှာသာ အပြောင်းအလဲ ဖြစ်တာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ