ဒေါ်အောင်ဆန်းစုကြည် နဲ့ ပြင်သစ်သမ္မတ တွေ့ဆုံ

  • 16 ဧပြီ 2014
_dawsuu_france ဓာတ်ပုံ မူပိုင် AP
Image caption ပြင်သစ်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းကြည်ကို ပြင်သစ်သမ္မတ ဖရန်ဆွာ အိုလော်န့်က၊ သမ္မတ အိမ်တော် ဖြစ်တဲ့ Elysee နန်းတော်မှာ ကြိုဆို လက်ခံ တွေ့ဆုံခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေ အကြောင်း၊ဆွေးနွေးခဲ့ကြ တယ်လို့ သိရပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။

ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကို ထောက်ခံကြောင်းတော့ မစ္စတာအော်လန်းက ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ကုန်သွယ်ရေးနဲ့ စီးပွားရေးအပိုင်းမှာ တခြားကမ္ဘာ့နိုင်ငံတွေနဲ့ တသားတည်း ပူးပေါင်းဆောင် ရွက်နိုင်လာအောင် ဥရောပလုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ပြင်သစ်နိုင်ငံကလည်း ဆောင်ရွက်နေပါတယ်၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ အတားအဆီးနဲ့ ကြုံရတဲ့ အခြေအနေမျိုးကိုလည်း ဂရုတစိုက်နဲ့ ကြည့်နေပြီး၊ တချို့အချိန်တွေမှာဆိုရင် စိုးရိမ်စိတ်တွေတောင် ဖြစ်ရပါတယ်လို့ ပြင်သစ်သမ္မတက၊ ဓေးအောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်းလက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ ပတ်သက်လို့၊ အခု အချိန်မှာ မြန်မာနိုင်ငံအတွက် သိပ်အရေးကြီးတဲ့ ကိစ္စရပ်တွေ အတော်များများ ရှိနေကြောင်းနဲ့ မိတ်ဆွေ နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို အပေါ်ယံသဘောကနေ ကျော်လွန်ပြီး မြင်နိုင်ဖို့လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာတွေဟာ မှန်မှန်ကန်ကန် မကိုင်တွယ်နိုင်ရင် ချက်ချင်း မြန်မြန်ဆန်ဆန် ပျောက်ကွယ် သွားမှာ မဟုတ်တဲ့အတွက် ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ညနေပိုင်းမှာတော့ ဒေါ်အောင်ဆန်း စုကြည်ဟာ ပြင်သစ်ပါလီမန် French National Assembly ကို သွားရောက်ခဲ့ပြီး ပါလီမန် ဥက္ကဌ မစ္စတာ Claude Bartolone နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာတော့ ပြင်သစ်နိုင်ငံကနေ မြန်မာနိုင်ငံဆီ ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

သူဟာ ၂၀၁၂ ဇွန်လတုန်းကလည်း ဥရောပခရီး လှည့်လည်တုန်း ပြင်သစ်နိုင်ငံကို ရောက်ရှိ ခဲ့ပြီး ပြင်သစ်သမ္မတနဲ့ တွေ့ဆုံခဲ့ပါသေးတယ်၊

ဒီသတင်းနဲ့ပတ်သက်သမျှ