တိုက်ပွဲတွေကြောင့် ကချင်ဒေသ တနိုင်းက ပယင်းတူးသူတွေ ထွက်ခွာ

  • 16 ဧပြီ 2014
Image caption ပယင်းကျောက် တူးသူတွေကို တနိုင်းဒေသကနေ ထွက်ကြဖို့ အစိုးရတပ်က ညွှန်ကြားထား

ကချင်ပြည်နယ် ဗန်းမော်မြို့အနီး မိုးမိတ်နဲ့ တနိုင်းဒေသတွေမှာ သင်္ကြန်ကာလ တလျှောက်လုံး အစိုးရ တပ်တွေနဲ့ KIA ကချင် လွတ်မြောက်ရေး တပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပါတယ်။

ဗုဒ္ဓဟူးနေ့ မနက်က မိုးမိတ် အနီးမှာ တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့တယ်လို့ သိရပေမယ့် အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အစိုးရတပ်တွေဟာ သန်းခေါင်စာရင်း ကောက်ဖို့ လုံခြုံရေး ပေးရအောင် ဆိုပြီး အဲဒီဒေသတွေထဲ ဝင်လာခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

တနိုင်းမြို့တဝိုက်မှာတော့ ပယင်းကျောက် တူးသူတွေကို အစိုးရ စစ်တပ်က နှင်ထုတ်နေတာကြောင့် လူတွေ ထောင်နဲ့ချီ ထွက်ခွာနေကြရတယ်လို့ တနိုင်းမြို့က ပြန်လာတဲ့ ကချင် အမျိုးသမီး ဒေါ်ဘောက်ဂျာက ဘီဘီစီကို ပြောပြပါတယ်။

တနိုင်းဒေသဟာ ပယင်း အထွက်များတဲ့ ဒေသ ဖြစ်ပြီး KIA စခန်းတွေနဲ့ နီးကပ်နေတဲ့အတွက် ပယင်းတူးသူတွေကို အစိုးရ စစ်တပ်က အခုလို ထွက်ခွာခိုင်းတာလို့ ယူဆကြောင်း သူက ပြောပါတယ်။

အဲဒီမှာ အစိုးရ စစ်တပ်က စစ်အင်အားတွေ တိုးချလာနေတာကို တွေ့နေရပြီး နေရာတိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားလာမယ့် ပုံမျိုး ရှိနေတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။