ပူလစ်ဇာဆုရ ရိုက်တာ သတင်း သမားနဲ့ မေးမြန်းချက်

  • 16 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption စာနဲ့ရေး ထားတဲ့ ရိုက်တာ သတင်းကို ပူလစ်ဇာဆု ပေးတာ ဒါပထမဆုံးပါ

ကမ္ဘာ့ သတင်း လောကမှာ ဂုဏ်သိက္ခာ အမြင့်မားဆုံး ဆုတခု ဖြစ်တဲ့ ပူလစ်ဇာ ဆုကို အမေရိကန် လုံခြုံရေး အေဂျင်စီ NSA အကြောင်း ဖွင့်ချခဲ့တဲ့ Edward Snowden အကြောင်း သတင်းတွေ ဖော်ပြ ခဲ့တဲ့ ဂါးဒီးယန်း နဲ့ ဝါရှင်တန်ပို့စ် သတင်းစာ တွေက ရရှိခဲ့ သလို မြန်မာ နိုင်ငံက ရိုဟင်ဂျာ တွေအပေါ် လူ့အခွင့် အရေး ချိုးဖောက်မှု တွေအကြောင်း သတင်းတွေ ရေးသား ခဲ့တဲ့ ရိုက်တာ သတင်းထောက် Jason Szep နဲ့ Andrew Marshall တို့က ရရှိခဲ့ ကြပါတယ်။

ထိုင်း အာဏာပိုင် တွေက သူတို့ ဖမ်းထား တဲ့ ရိုဟင်ဂျာ တွေကို လူကုန်ကူး သူတွေ လက်ထဲ ဘယ်လို ရောင်းစားခဲ့ သလဲ ဆိုတဲ့ အကြောင်း ဖော်ထုတ် ထားတဲ့ သတင်း အပါအဝင် ရိုဟင်ဂျာ တွေရဲ့ အကျပ်အတည်း ဒုက္ခ တွေ အကြောင်း သတင်းတွေ ရေးခဲ့တဲ့ အတွက် ရိုက်တာ သတင်းထောက် တွေကို ပူလစ်ဇာဆု ပေးခဲ့ တာပါ။

အဲဒီထဲက တဦး ဖြစ်တဲ့ Andrew Marshall ဟာ မြန်မာ နိုင်ငံ နဲ့ ပတ်သက်ပြီး The Trouser People ဆိုတဲ့ စာအုပ် ကိုလည်း ရေးသား ခဲ့သူ ဖြစ်ပါတယ်။

ဒီဆု ရရှိ တာနဲ့ ပတ်သက်ပြီး Andrew Marshall ကို ဘီဘီစီက ဆက်သွယ်မေး ထားပါတယ်။

မေး။ ဘာကြောင့် မြန်မာပြည်ကို စိတ်ဝင်စားခဲ့ တာပါလဲ။

ဖြေ။ ကျွန်တော် မြန်မာပြည်ကို ၁၉၉၀ ပြည့်လွန် အလယ်ပိုင်း နှစ်တွေ ကတည်းက သွားလာ နေခဲ့တာပါ။ အဲဒီအချိန်က နိုင်ငံရေး အခြေအနေက အတော်လေး မတူပါဘူး။ အာဏာရှင် စံနစ် အောက်မှာ လူတွေဟာ စကားတောင် မပြောရဲ ကြပါဘူး။ ဒါပေမယ့် တကယ်တမ်း ပြောခွင့် ရတဲ့ အခါ သူတို့ဟာ ဘယ်လောက် ပွင့်လင်းတယ် ဆိုတာ တွေ့ခဲ့ ရပါတယ်။ မြန်မာ ပြည်ရဲ့ ပထဝီ အနေ အထား အရလည်း အမျိုးစုံ ကျယ်ပြန့်ပြီး ကြိုက်သွားဖို့ သိပ်လွယ် ပါတယ်။ တခါ ရောက်ဘူးရင် နောက်ထပ် သွားချင် တာပါဘဲ။ ဒါသိပ်ရှင်းပြ စရာတောင် မလိုဘူး ထင်ပါတယ် ဗျာ။

မေး။ အခု တကယ်တမ်း ဆုရခဲ့တဲ့ သတင်းဟာ တကယ်တော့ အစီရင်ခံစာ တခုလို တော်တော်လေး ပြည့်ပြည့်စုံစုံ ရေးထားတာ တွေ့ရ ပါတယ်။ ဒါဟာ ရိုက်တာ သတင်းဌာနက အမြဲ လုပ်လေ့ ရှိတဲ့ ပုံစံမျိုး မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဘာကြောင့် ဒီသတင်းကို အဲဒီလိုမျိုး နက်နက် ရှိုင်းရှိုင်း လိုက်ပြီး ရေးဖြစ် တာပါလဲ။

ဖြေ။ ကျွန်တော် တို့ဟာ နိုင်ငံတကာ သတင်းဌာန တခု ဖြစ်တယ် ဆိုတော့ သတင်း တခုကို နိုင်ငံ တခုထဲ အတွက် မကြည့်ဘဲ၊ ဒေသ အမြင်၊ နိုင်ငံ တကာ အမြင် နဲ့လည်း ကြည့်ရ ပါတယ်။ ရခိုင် ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂ နှစ် ၂၀၁၂ ခုနှစ် လောက်မှာ အကြမ်း ဖက်မှုတွေ စဖြစ် ကတည်းက ကျွန်တော်တို့ စောင့်ကြည့် ခဲ့ပါတယ်။ ပြီးတော့ လှေနဲ့ မလေးရှားကို ထွက်ပြေး ကြတဲ့ ရိုဟင်ဂျာ တွေ ထိုင်းကို ရောက်လာ တာလည်း ရှိတော့ သူတို့ ဘာကြောင့် မလေးရှားကို သွားကြလဲ၊ ဟိုရောက်ရင် ဘာတွေ ဆက်ဖြစ်လဲ ဆိုတာ တွေကို ကွာလာ လမ်ပူ မှာရှိတဲ့ ကျွန်တော် တို့ရဲ့ သတင်းထောက် တွေနဲ့ ဆက်သွယ်ပြီး စုံစမ်း ပါတယ်။ အဲဒီ အခါမှာ ဒီလူ တွေဟာ ဒေသတွင်းက အစိုးရအကုန်လုံး လိုလိုရဲ့ လက်ထဲမှာ ထိခိုက် ခံစားရမှုတွေ ရှိတာကို သိလာရပြီး ဒါဟာ သေသေချာချာ အင်အား စိုက်ထုတ်ပြီး စုံစမ်းဖော်ထုတ် သင့်တဲ့ သတင်းလို့ ကျွန်တော်တို့ သဘောရ ပါတယ်။

မေး။ အခု ပြောသလိုဘဲ အစိုးရတိုင်းက ဒီလူတွေ အရေးကို သူတို့ ပြဿနာ မဟုတ်သလို သဘောထား နေကြတော့၊ ဒီသတင်း ကို လုပ်ရတဲ့ အတွက် ကိုယ့်အပေါ် ထိခိုက်မှု တွေရော ရှိခဲ့ ပါလား။

တကယ်တော့ မရှိဘူးဗျ။ ကျွန်တော့် စိတ်ထင် တော့ ရိုဟင်ဂျာ အရေးဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ဖြစ်၊ မလေးရှားမှာ ဖြစ်ဖြစ်၊ ထိုင်းနိုင်ငံ မှာ ဖြစ်ဖြစ်၊ တနိုင်ငံထဲ ဖြေရှင်းလို့ ရတဲ့ ပြဿနာ မဟုတ်ပါဘူး။ ဘင်္ဂလားဒေ့ရှ်တို့၊ သြစတြေလျ တို့လို နိုင်ငံတွေ အပါအဝင် ဒေသတွင်းက နိုင်ငံတွေ ပူးပေါင်း ဖြေရှင်းမှ ရမှာပါ။ မြန်မာ အစိုးရ ကတော့ ဒီကိစ္စကို နိုင်ငံတကာ ပြဿနာ တခု ဖြစ်မလာ စေချင်ဘဲ၊ ဒေသတွင်း ဆွေးနွေးပွဲ တွေမှာ ဒီအကြောင်း ဆွေးနွေး ဖို့ကိုလည်း သိပ်မလုပ်ချင် ပါဘူး။ ကျွန်တော့် အမြင် ကတော့ ဒီကိစ္စကို ဒီတိုင်း ထားလို့ ပြေလည် မသွားနိုင်ဘဲ ပိုပြီးတောင် အကြမ်းဖက် မှုတွေ၊ ပြဿနာတွေ ဖြစ်လာ နိုင်ပါတယ်။

မေး။ ရိုက်တာဟာ သတင်းလောကမှာ ဂုဏ်သိက္ခာရှိတဲ့ သတင်းဌာန တခုဖြစ်ပေမယ့် အခုလို ဆောင်းပါးကို ပူလစ်ဇာဆု ပေးတာ သိပ်မကြားဘူး ပါဘူး။ ဒီလိုမျိုး ဆုရတယ် ဆိုတော့ ဘယ်လို ခံစားမိ ပါလဲ။

ဖြေ။ ကျွန်တော်တော့ အတော် အံ့အားသင့် မိပါတယ်။ ရိုက်တာမှာ စာနဲ့ ရေးတဲ့ သတင်းကို ဆုရတာ ဒါ ပထမဆုံး ပါဘဲ။ အရင် က ဓါတ်ပုံဆု ရတာတွေ တော့ ရှိခဲ့ ပါတယ်။ ၂၀၀၇ ခုနှစ် တုန်းက မြန်မာနိုင်ငံက ရွှေဝါရောင် တော်လှန်ရေးမှာ ရိုက်ခဲ့တဲ့ ဓါတ်ပုံ ကို ပူလစ်ဇာ ဆုပေးခဲ့ ဘူးပါတယ်။ တဖက်မှာ ကျတော့ ရိုက်တာဟာ အေဂျင်စီ သတင်းဌာန တခု ဖြစ်သလို ကျွန်တော်တို့ အပေါ် လူတွေ မျှော်လင့် ထားတာကို ဖြစ်အောင် လုပ်မယ်၊ စုံစမ်း ဖော်ထုတ်တဲ့ သတင်းတွေကို ပိုရေးမယ်၊ ကျွန်တော်တို့ရဲ့ သတင်း သမား အလုပ်ကို အရင်ကထက် ပိုပြီး လုပ်နိုင် အောင်ကြိုးစား သွားမှာ ဖြစ်ပါတယ်။ ပူလစ်ဇာ ဆုက ဒါကို အသိအမှတ် ပြုလိုက် တာဘဲလို့ ကျွန်တော် ထင်မိ ပါတယ်။