ဒေါ်အောင်ဆန်းစုကြည် ဥရောပခရီးစဉ် ရဲ့ သက်ရောက်မှု

  • 17 ဧပြီ 2014
dassk_germany ဓာတ်ပုံ မူပိုင် AFP
Image caption ဂျာမနီ သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခိုက်

ဂျာမနီ နဲ့ ပြင်သစ် ကို သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို သက်ဆိုင်ရာနိုင်ငံတွေ ရဲ့ခေါင်းဆောင်ပိုင်း တွေ က လိုက်လှဲစွာ ကြိုဆိုခဲ့ကြတဲ့အပြင် နိုင်ငံတခုရဲ့ အကြီးအကဲ တယောက် သဖွယ် အလေးထား နေရာပေးခဲ့ကြပါတယ်။

သူ့ရဲ့ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကို စနေပြီလို့ မပြောနိုင်သေးကြောင်းနဲ့ ဖွဲ့စည်းပုံဥပဒေ ပြင်ဖို့ အရေးကြီးကြောင်း ပြောခဲ့ပေမယ့် နိုင်ငံတကာ အနေနဲ့ လိုက်ပါဆောင်ရွက် ဖိအားပေးနိုင်မယ့် အခြေအနေ ရှိပါရဲ့လား။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်း က အနောက်နိုင်ငံတွေ အနေနဲ့ ပြန်လည်ရင်ကြားစေ့ရေး ကို အားပေးတဲ့အနေနဲ့ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုတင်မက မြန်မာအစိုးရ နဲ့ စစ်တပ် ခေါင်းဆောင်ပိုင်း တွေ ဘက်ကိုလည်း သူတို့ရဲ့ ထောက်ခံမှုတွေ ကို ဖြန့်ထားတယ် လို့ ဆိုပါတယ်၊ ဒါ့ကြောင့်မို့ ဖွဲ့စည်းပုံဥပဒေ ပြင်ရေး မှာ အစိုးရနဲ့ စစ်တပ် က ပူးပေါင်းပါဝင်လာအောင် နိုင်ငံတကာ က ဖိအားပေးတာမျိုး ဖြစ်မလာ နိုင်ဘူး လို့ သူက သုံးသပ်ပါတယ်။

မြန်မာ့ဒီမိုကရေစီအင်အားစု တွေ အတွင်းမှာလည်း ညီညွတ်တဲ့ အင်အားစု မျိုး မရှိတဲ့အချက် နဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်တိုင်က ဒီမိုကရေစီ အင်အားစုအားလုံးကို မစုစည်းထားနိုင်တာ၊ တိုင်းရင်းသား အင်အားစုတွေ နဲ့လည်း ဆက်ဆံရေး အေးနေတာ စတဲ့ အကြောင်းတွေကလည်း နိုင်ငံတကာ က ကူညီဖို့လျော့ကျလာစေတဲ့ အကြောင်းတွေလို့ မြင်တဲ့အကြောင်း ဒေါက်တာရန်မျိုးသိမ်း က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ