ဘင်္ဂလားဒေ့ရှ် ကနေ ရခိုင်တိုင်းရင်းသားတွေ ပြန်ဝင်လာ

  • 17 ဧပြီ 2014
Maungdaw, Rakhine State
Image caption မောင်တောမြို့

ဘင်္ဂလာဒေ့ရှ် နိုင်ငံ ကနေ ရခိုင်ပြည်နယ် အတွင်းကို လတ်တလော ဝင်လာသူ ၄၀၀ လောက် ရှိပြီး မောင်တောမြို့နယ် အတွင်းမှာ လောလောဆယ် နေရာ ချပေးထား တယ်လို့ သူတို့အရေးကို ကူညီ ဆောင်ရွက်ပေး နေတဲ့ မောင်တောမြို့ ဗဟိုကျောင်း ဆရာတော်က ပြောပါတယ်။

အခုဆိုရင် မောင်တောဘက်ခြမ်းမှာ အခြေချဖို့ ပြောင်းရွှေ့လာသူ ရခိုင်မျိုးနွယ်စု အရေအတွက် ၂၀၀၀ ကျော်သွားပြီလို့ သိရပါတယ်။

မောင်တော မြို့နယ်က ကညင်ချောင်း စခန်း အမှတ် ၂ ရဲတပ်ရင်း၊ ဗောဓိကုန်း ကျေးရွာ၊ ကင်းချောင်းနဲ့ ကန်သာယာ ကျေးရွာတို့မှာ နေရာချ ထားပေးတာလို့ ဆိုပါတယ်။

အခု ဝင်လာကြတဲ့ ရခိုင် မျိုးနွယ်စုတွေဟာ ဘင်္ဂလာဒေ့ရှ် နိုင်ငံ စစ်တကောင်း တောင်တန်း ဒေသမှာ ရာစုနှစ်နဲ့ ချီပြီး နေထိုင်ခဲ့ကြသူတွေ ဖြစ်ကြပြီး အဓိက အားဖြင့် လုပ်ကိုင် စားသောက်ဖို့ အခက်အခဲ ဖြစ်လာရာ ကနေ မြန်မာနိုင်ငံ ဘက်ကို ပြောင်းရွှေ့ လာကြတာ ဖြစ်တယ်လို့ ဗဟိုကျောင်း ဆရာတော်က မိန့်ပါတယ်။ မြန်မာ အစိုးရက သူတို့ကို ယာယီနိုင်ငံသား ကဒ်တွေလည်း ထုတ်ပေး ထားတယ်လို့ လည်းဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်က ပြောင်းလာတဲ့ အိမ်ထောင် ၉၅ စုကို လက်ခံထားတဲ့ ခရေမြိုင် ကျေးရွာ အုပ်ချုပ်ရေးမှူး ကတော့ သူတို့ အနေနဲ့ အသစ် ရောက်လာသူကိုရော အရင်ကတည်းက ဝင်လာပြီးသူတွေကိုပါ ထောက်ပံ့ ပေးတယ်လို့ ပြောပါတယ်။

ဒါပေမဲ့လည်း လုံခြုံရေး အခြေအနေ တွေကြောင့် လုပ်ကိုင် စားသောက်ရတာ အခက်အခဲတွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

မကြာခင်က ပြီးစီးသွားတဲ့ သန်းခေါင် စာရင်း ကောက်ယူရာ မှာတော့ သူတို့ကို ရခိုင်မျိုးနွယ်စု အမည်နဲ့ ထည့်သွင်း စာရင်းကောက်ခံသွားခဲ့တယ်လို့ အရာရှိ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ