ရိုဟင်ဂျာ သတင်းဖော်ပြတဲ့ သတင်းထောက်တွေကို ထိုင်းက တရားစွဲ

  • 18 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ထိုင်းနိုင်ငံမှာ အထိန်းသိမ်းခံခဲ့ကြရ

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူကုန်ကူး ရောင်းစားခဲ့တဲ့ အမှုမှာ ထိုင်းရေတပ် စစ်သားတွေ ပါဝင် ကြောင်း ဖော်ထုတ်ရေးသားခဲ့တဲ့ သတင်း ဆောင်းပါး အတွက် ရိုက်တာစ် သတင်းထောက် ၂ ယောက်ကို နိုင်ငံတကာ သတင်း ပူလစ်ဇာ ဆုချီးမြှင့်လိုက်တဲ့ အချိန်မှာပဲ ထိုင်းနိုင်ငံ အခြေစိုက် တခြား ရိုက်တာစ် သတင်းထောက် ၂ ယောက်ကိုတော့ အဲဒီ သတင်းကို ကူးယူ ဖော်ပြခဲ့တဲ့ အတွက် ထိုင်းတရားရုံးက တရားစွဲဆိုလိုက်ပါတယ်။

အဲဒီသတင်းထောက် ၂ ဦးကတော့ သြစတြေးလျ နိုင်ငံသား အယ်ဒီတာ Alan Morison နဲ့ ထိုင်းနိုင်ငံသူ သတင်းသမား Chutima Sidasathien တို့ ဖြစ်ကြပါတယ်။

ရိုက်တာစ် သတင်းထောက်တွေ ပူလစ်ဇာဆု ရခဲ့တဲ့ ထိုင်းနိုင်ငံရောက် ရိုဟင်ဂျာ မွတ်ဆလင်တွေကို လူကုန်ကူး ရောင်းချခဲ့ကြောင်း သတင်းဆောင်းပါးကို ဖူးခက်ဝမ် ဆိုတဲ့ အင်တာနက် သတင်းစာမျက်နှာမှာ ဖော်ပြခဲ့တဲ့ အတွက် သူတို့ကို တရားစွဲဆိုထားတာဖြစ်ပါတယ်။

အသရေဖျက်မှု ဆိုတဲ့ ရာဇဝတ် ပြစ်မှု၊ ကွန်ပြူတာ ဆိုင်ရာ ရာဇဝတ်ပြစ်မှု စတာတွေနဲ့ သူတို့ကို တရား စွဲဆိုထားတာလို့ သိရပါတယ်။

သူတို့ ၂ ဦးကို နောက်တခါ ရုံးချိန်းအနေနဲ့ မေလ ၂၆ ရက်နေ့မှာ ထပ်မံ ချိန်းဆိုထားပြီး လောလောဆယ်တော့ ဘတ်ငွေ တသိန်းစီနဲ့ အာမခံ ပေးထားပါတယ်။