ဧဝရက်တောင် တက်ဖို့ ပထမဆုံးအကြိမ် မြန်မာတွေ ကြိုးစား

  • 19 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဧဝရက်တောင်ထိပ်မှာ မြန်မာနိုင်ငံအလံ ပထမဆုံး အကြိမ် လွှင့်ထူနိုင်ဖို့ ပြင်ဆင်နေ

ကမ္ဘာပေါ်မှာ အမြင့်ဆုံး တောင်ဖြစ်တဲ့ ဧဝရက်တောင်ထိပ်ပေါ်မှာ ပထမဆုံး အကြိမ် မြန်မာနိုင်ငံ အလံ လွှင့်ထူနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာ တောင်တက်သမား အဖွဲ့တဖွဲ့ အခုအခါ တောင်ခြေစခန်းမှာ ရောက်နေကြပါပြီ။

တောင်ထိပ်တက်ဖို့ သူတို့ စီစဉ်နေတုန်းမှာပဲ မနေ့က ဧဝရက်တောင် နှင်းတွေ ပြိုကျခဲ့လို့ နိုင်ငံခြားသား တောင်တက်သမားတွေနဲ့ နီပေါလူမျိုး လမ်းပြတွေ အတော်များများ သေဆုံးခဲ့ရပါတယ်။

အဲဒီ မတော်တဆ ဖြစ်ရပ်ကြောင့်ရော၊ လောလောဆယ် ရာသီဥတု အခြေအနေ ဆိုးဝါးနေတဲ့ အတွက်ပါ ဧဝရက် တောင်တက်ဖို့ လမ်းတွေ လောလောဆယ် ယာယီ ပိတ်ထားတယ်လို့ ဧဝရက် တောင်ခြေစခန်းမှာ ရောက်နေတဲ့ မြန်မာ တောင်တက် သမား အဖွဲ့ဝင် တဦး ဖြစ်တဲ့ ကိုစိုင်းကျော်ဝဏ္ဏစိုးက ဘီဘီစီကို ပြောပြပါတယ်။

အဲဒီ မြန်မာ တောင်တက်သမားအဖွဲ့ထဲမှာ ကနဦးက အဖွဲ့ဝင် ၅ဦး ပါပေမယ့် လီဆူးလူမျိုး တောင်တက်သမားတဦး အောက်ဆီဂျင် လျော့ကျသွားတဲ့အတွက် အရေးပေါ် အောက်ဆီဂျင်သွင်းပြီး ပြန်လွှတ်လိုက်ရတယ်လို့ ဆိုပါတယ်။

ဧဝရက်တောင် ဆီးနှင်း ပြိုကျပြီး လူတွေ သေဆုံးခဲ့တာ မျက်မြင်ကြုံခဲ့ရတဲ့အတွက် ချောက်ချားသွားခဲ့ရပေမယ့် နိုင်ငံအတွက် မဖြစ်မနေ ကြိုးစား ဆက်တက်ဖို့ သံဓိဌာန် ချထားတယ်လို့ သူက ပြောပါတယ်။

မီတာ ၆ထောင်ကျော် မြင့်တဲ့ တောင်၃တောင်ကို လေ့ကျင့် တက်ခဲ့ရပြီး အဲဒီ သင်တန်းအောင်မှ ဧဝရက်တောင် တက်ခွင့် ရခဲ့တာ ဖြစ်တယ်လို့ ကိုစိုင်းကျော်ဝဏ္ဏစိုးက ပြောပါတယ်။

မြန်မာနိုင်ငံက ရေခဲတောင်တွေကို နီပေါနိုင်ငံမှာလို ဖွံ့ဖြိုး လာအောင် နဲ့ ကမ္ဘာပေါ်မှာ မြန်မာ ဆိုတာ သိအောင် ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ပေါ်မှာ မြန်မာနိုင်ငံ အလံလွှင့်ထူဖို့ ကြိုးစားတာ လို့ ပြောပါတယ်။

ဒီလို ဧဝရက်တောင်ထိပ်တက်ဖို့ အတွက် ထူးကုမ္ပဏီက စီစဉ် ဆောင်ရွက် ပေးတာလို့ သိရပါတယ်။