ဝတပ်ဖွဲ့နဲ့ ကေအဲန်ယူ အမြင်ဖလှယ်ကြမယ်

  • 20 ဧပြီ 2014
uwsa
Image caption UWSA တပ်သားများ

တနိုင်ငံလုံး အပစ်အခတ် ရပ်ဆဲရေးနဲ့ ပတ်သက်ပြီးဦ UWSA ဝပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ရဲ့ သဘောထားကို သိရဖို့၊ KNU ကရင် အမျိုးသား အစည်းအရုံးက ဒီလကုန်ပိုင်းမှာ၊ အလွတ်သဘော သွားရောက် ဆွေးနွေးပါလိမ့်မယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စုပေါင်း ဖွဲ့ထားတဲ့ NCCT နဲ့ UWSA အကြား၊ ယခင် တွေ့ဆုံမှုတွေ လုပ်ခဲ့တုန်း ကတော့၊ အတိုင်းအတာတစ်ခုအထိ အစိုးရနဲ့ ဝတပ်ဖွဲ့အကြား ငြိမ်းချမ်းရေး ရယူထားတဲ့အတွက်၊ နယ်မြေဒေသ ဖွင့်ဖြိုးရေးတွေ လုပ်ဆောင်နိုင်ခဲ့တယ် ဆိုပြီး ဝတပ်ဖွဲ့ ပြောဖူးတယ်လို့ NCCT ရဲ့ ခေါင်းဆောင် တစ်ဦဒလည်းဖြစ်၊ KNU ရဲ့ အတွင်းရေးမှုလည်း ဖြစ်တဲ့ ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။

KNU ယခင်က ကျင်းပခဲ့ကြတဲ့၊ တိုင်ရင်းသား အဖွဲ့တွေရဲ့ ညီလာခံမှာ ဝတပ်ဖွဲ့ မပါဝင်ခဲ့ပေမယ့်၊ ညီလာခံ ဆုံးဖြတ်ချက်လို သဘောထားတွေကို ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ် လို့လည်း ဆိုပါတယ်။

NCCT အနေနဲ့ အစိုးရနဲ့အကြား သဘောတူမှု ရရှိလာအောင် ကြိုးပမ်းနေတဲ့ တနိုင်ငံလုံး အပစ်ရပ်ရေးမူ အပေါ် ဝတပ်ဖွဲ့ရဲ့ သဘောထားနဲ့၊ နိုင်ငံရေး အမြင်၊ ရပ်တည်မှုတွေ သိရအောင်လို့ ဆွေးနွေးမှာသာ ဖြစ်ပြီး၊ ဝတပ်ဖွဲ့ကို NCCT ထဲ ပါဝင်လာအောင်၊ ပြောဆိုဖို့ မရည်ရွယ်ဘူးလို့ ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။

အစိုးရနဲ့အကြား တကယ် အပစ်ရပ်ရေးမူ ရလာလို့ လက်မှတ်ထိုးကြတဲ့အခါ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ၊ စုပေါင်းအဖွဲ့ တစ်ခုတည်း အနေနဲ့ လက်မှတ် ထိုးကြမှာမျိုးထက်၊ တဖွဲ့ခြင်းစီက လက်မှတ်ထိုးကြမှာ ဖြစ်တဲ့ အတွက်၊ ဝတပ်ဖွဲ့ရဲ့ သဘောထား အမြင်တွေကို အလွတ်သဘော ဆွေးနွေးကြည့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ