ဦးဝင်းတင် တတိယအကြိမ် ကျောက်ကပ်ဆေး

  • 20 ဧပြီ 2014
ဓာတ်ပုံ မူပိုင်
Image caption ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေအတွက် အများက စိုးရိမ်နေ

ရန်ကုန် ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံနေရတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင်ဟာ တနင်္ဂနွေနေ့ ညနေမှာ တတိယအကြိမ် ကျောက်ကပ် ဆေးကြော ဆေးကုသမှု ခံ ခဲ့ပါတယ်။

စနေနေ့က ဒုတိယ အကြိမ် ကျောက်ကပ် ဆေးကြောမှုအပြီး စောင့်ကြည့်ကာလ ၂၄နာရီ အတွင်းမှာ အဆုတ်ထဲမှာ ရေပမာဏ မြင့်လာတဲ့အတွက် အထူးကု ဆရာဝန်ကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ အခုလို လုပ်ခဲ့တာပါ။

ဆရာကြီး ဦးဝင်းတင်ရဲ့ အခြေအနေဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေတယ်လို့ အနီးကပ် ပြုစုနေတဲ့ မိသားစုဝင် တဦးက ဘီဘီစီကို ပြောပြပါတယ်။

ဦးဝင်းတင်ကို လိုအပ်ရင် နိုင်ငံခြား ပို့ပြီး ဆက်လက် ဆေးဝါး ကုသနိုင်အောင် အစိုးရက နိုင်ငံကူး လက်မှတ် ထုတ်ပေးထားပြီး ဖြစ်ပေမယ့် လက်ရှိ ကျန်းမာရေး အခြေအနေအရ ခရီးသွားနိုင်မယ့် အနေအထားမျိုး မရှိဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဆရာကြီး ဦးဝင်းတင် ဆေးကုသခံနေရာ ရန်ကုန်ဆေးရုံကြီးဆီ ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦး အပါအဝင် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းက အဖွဲ့ဝင်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေ ကိုယ်တိုင် လာရောက် အားပေးစကား ပြောခဲ့ကြသလို ဦးဝင်းတင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့ အများက စိုးရိမ်နေကြပြီး အချိန်ပြည့် နားစွင့်နေကြတယ်လို့ ရန်ကုန်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။