မိတ္ထီလာ ဒုက္ခသည်တွေ အိမ်ပြန်လို

  • 21 ဧပြီ 2014
meiktila-house ဓာတ်ပုံ မူပိုင် BBC World Service
Image caption မိတ္ထီလာ အကြမ်းဖက်မှုတွေ အတွင်း အဖျက်စီး ခံခဲ့ရပုံ

မိတ္ထီလာ အကြမ်းဖက်မှု ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်ပေါ်ပေါက်လာခဲ့တဲ့ ဒုက္ခသည် စခန်းတွေ မှာ၊ သောက်ရေ သုံးရေ အပါအဝင်၊ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ သန့်ရှင်းမှုတွေ အခက်အခဲ ဖြစ်နေကြပြီး၊ တစ်နှစ်ကျော် စခန်းထဲမှာ သောင်တင်နေရတဲ့ သူတွေဟာ၊ ကိုယ့်အိုးကိုယ့်အိမ်ကို အမြန် ပြန်လိုကြတယ်လို့ သိရပါတယ်။

ရေအရင်းအမြစ်၊ ခရိုင် အားကစားဝင်း၊ အ.မ.က ၁၆၊ မန်ကျည်းကုန်း နဲ့ အုတ်ဖို စတဲ့ ကယ်ဆယ်ရေး စခန်းတွေ မှာ၊ ဒုက္ခသည် ၄၀၀၀ ကျော် ရှိနေတယ် လို့ ရေအရင်းအမြစ် စခန်းရဲ့ တာဝန်ခံ ဦးအောင်ဌေးက ပြောပါတယ်။

အဲဒီ့ စခန်း အားလုံးက လူတွေဟာ ကုလသမဂ္ဂ စားနပ် ရိက္ခာ အဖွဲ့ WFP က ထောက်ပံ့တဲ့၊ အစား အစာတွေအပေါ် အဓိက မှီခို နေရတာ ဖြစ်ပါတယ်။

ဆန်၊ဆီ၊ဆား၊ပဲ စတဲ့ အခြေခံ စားကုန်တွေကို အကန့်အသတ်နဲ့ ရတာ ဖြစ်ပြီး၊ အခုအချိန်မှာ ပြင်ပ ပုဂ္ဂလိက အလှူရှင်တွေလည်း မလာကြတော့ဘူးလို့ သိရပါတယ်။

အခု အခက်အခဲဆုံး ကြုံတွေ့ နေရတာကတော့၊ သောက်ရေ သုံးရေ ပြဿနာပဲလို့ ဦးအောင်ဌေးက ပြောပြပါတယ်။

စခန်း သန့်ရှင်းရေးလည်း အလွန် အားနည်းပြီး၊ သောက်ရေသန့် ရှားပါးတဲ့ ပြဿနာကြောင့် ဝမ်းရောဂါလို့ ရောဂါဘယတွေလည်း ထူပြောနေတယ်လို့လည်း ဦးအောင်ဌေးက ဆိုပါတယ်။

မီးလောင် ဖျက်ဆီးခံထားရတဲ့ မိမိတို့ ကိုယ်ပိုင် အိမ်နေရာတွေမှာ၊ ဒီနှစ် ၆ လပိုင်း အမီ၊ ပြန်လည် နေရာချထား ပေးမယ်ဆိုတဲ့ အာဏာပိုင်တို့ စကားအတိုင်း၊ ဒုက္ခသည်တွေဟာ ကိုယ့်အိုး ကိုယ့်အိမ်တွေကို အမြန် ပြန်လို နေကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ