ဆရာကြီး ဦးဝင်းတင်ရဲ့ နောက်ဆုံး ဆန္ဒ

  • 21 ဧပြီ 2014
U Win Tin ဓာတ်ပုံ မူပိုင် Reuters
Image caption ကွယ်လွန် ချိန်အထိ ထောင် အင်္ကျီပြာပဲ ဝတ်ခဲ့

မြန်မာ နိုင်ငံ ဒီမိုကရေစီရေး အတွက် ပြတ်သားတဲ့ ခံယူချက်နဲ့ ခိုင်မာတဲ့ မူဝါဒ တွေကို စွဲကိုင်ခဲ့တဲ့ ဆရာကြီး ဦးဝင်းတင်က အာဏာရှင် စနစ်ကို အမြစ်က လှန်ချိုးပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့ နောက်မှာ စည်းစည်း လုံးလုံး ဝိုင်းပြီး ရပ်တည် ပေးစေချင်တဲ့ ဆန္ဒ ရှိခဲ့တယ်လို့ ဦးဝင်းတင်နဲ့ အစဉ်အမြဲ အနီးကပ် ရှိနေခဲ့သူ ဒီလှိုင်း အသက်မွေး ဝမ်းကျောင်း သင်တန်း ဌာနက ဦးဇော်မျိုးအောင်က ပြောပါတယ်။

နောက်ဆုံးတိုက်ပွဲလို့ ဦးဝင်းတင်က ခေါ်ဆိုတဲ့ အဲဒီ ဆန္ဒ သတင်းစကားကို ၈၈ မျိုးဆက် ခေါင်းဆောင်တွေဆီ အမှာ စကား ပါးခိုင်း ခဲ့တယ်လို့ လည်း ဦးဇော်မျိုးအောင်က ပြောပါတယ်။

မြန်မာ နိုင်ငံမှာ နိုင်ငံရေး အပြောင်း အလဲ လုပ်ကို လုပ်မှ ဖြစ်မယ်လို့ ဦးဝင်းတင်က ပြောခဲ့ကြောင်း သူက ပြောပါတယ်။

ဆေးရုံမှာ တက်ရောက် ကုသမှု ခံယူစဉ်မှာ ဒေါ်အောင်ဆန်း စုကြည် လာရောက် သတင်းမေး အားပေး ခဲ့တာကို ဦးဝင်းတင် ဝမ်းသာကျေနပ် ဖြစ်နေခဲ့တယ်လို့လည်း ဆိုပါတယ်။

ရောဂါ ခံစားနေရလို့ စကား မပြောနိုင်တဲ့ကြားက ဒေါ်အောင်ဆန်း စုကြည် ဒုတိယမြောက်နေ့ လာရောက်အားပေးပြီး ပြန်ကာနီးမှာ ဗိုလ်ချုပ်အောင်ဆန်းမှာ သားသမီး သုံးယောက် ရှိတဲ့ အထဲက အငယ်ဆုံးက ဗိုလ်ချုပ် ခြေရာနင်းမယ့်သူလို့ ပီပီ သသ ပြောခဲ့တာကိုလည်း ဦးဇော်မျိုးအောင်က ပြန်ပြောပါတယ်။

ဆရာကြီး ဦးဝင်းတင်က သူတည်ထောင်ထားတဲ့ ဦးဝင်းတင် ဖောင်ဒေးရှင်း လုပ်ငန်းတွေ ဆက်လုပ်ဖို့၊ ဖောင်ဒေးရှင်းက အကူအညီ ပေးနေသူတွေကို ဆက်လက် ကူညီပေးကြဖို့ သူ့ကို မှာသွားတယ်လို့ မိသားစု ဆရာန်ကြီး ဒေါက်တာ မြင့်သိန်းက ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ