သတင်းစာဆရာကြီး ဦးဝင်းတင်ကွယ်လွန်

  • 21 ဧပြီ 2014
burma_wintin ဓာတ်ပုံ မူပိုင်
Image caption သတင်းစာ ဆရာကြီး ဦးဝင်းတင်

ဟံသာဝတီ ဦးဝင်းတင်လို့ လူသိများ ကျော်ကြား တဲ့ သတင်းစာ ဆရာကြီး ဦးဝင်းတင် ဟာ ဧပြီလ ၂၁ ရက် မနက် ၆ နာရီခွဲ မှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီး ထက်၊ ဆေးကုသမှု ခံယူဆဲ၊ အသက် ၈၄ နှစ် မှာ ကွယ်လွန်ခဲ့ပါပြီ။

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့ မှာ အဖ ဦးပု၊ အမိ ဒေါ်အမာ တို့မှ ၁၉၃၀ ပြည့်နှစ် မတ်လ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း သုံးယောက် အနက် သားအကြီးဆုံး ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ အင်္ဂလိပ်စာပေ၊ ခေတ်သစ် ရာဇဝင် နဲ့ နိုင်ငံရေး သိပ္ပံ စတဲ့ ဘာသာတွဲ တွေ နဲ့ ဝိဇ္ဇာ ဘွဲ့ ရခဲ့ပြီး၊ တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း တွေ မှာ ဝင်းတင် အမည်နဲ့ ကဗျာ နဲ့ ဝတ္တုတွေ စတင် ရေးသားခဲ့ပြီး၊ စာပေနယ်ထဲ ရောက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ အကျိုးဆောင် ဂျာနယ်မှာ လက်ထောက် အယ်ဒီတာ၊ AFP ပြည်ပ သတင်းဌာန မှာ အယ်ဒီတာ၊ စာပေဗိမာန် မှာ လက်ထောက် အယ်ဒီတာ၊ ဆရာကြီး ဒဂုန်တာရာ ရဲ့ ဂန္တဝင် ဂျာနယ်မှာ လက်ထောက် အယ်ဒီတာ၊ ကြေးမုံသတင်းစာ အမှုဆောင် အယ်ဒီတာ မှ တဆင့် ၁၉၆၉ ခုနှစ် မှ ၁၉၇၈ နှစ် အထိ မန္တလေး မြို့ထုတ် ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ယူခဲ့ရာက ဟံသာဝတီ ဦးဝင်းတင် ရယ်လို့ စာနယ်ဇင်း လောက မှာ တွင်ရစ်ခဲ့ပါတယ်။

ဘာသာပြန် ဝတ္တုတွေ လည်းရေးသားခဲ့ပြီး၊ ပန်းချီဝေဖန်ရေး ဆောင်းပါး၊ ခရီးသွားမှတ်တမ်း တွေနဲ့ လည်း၊ ကလောင်သွေးခဲ့ပါတယ်။

၈ လေးလုံး အရေးတော်ပုံ ကာလ က အစပြုလို့ နိုင်ငံရေး နယ်ပယ်ထဲ ရောက်လာတဲ့ ဆရာ ဦးဝင်းတင် ဟာ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စတင်ဖွဲ့စည်းတဲ့ အခါမှာ ဗဟို အလုပ်အမှုဆောင်၊ တာဝန်ယူခဲ့ပြီး ဆရာရဲ့ သမိုင်းတွင်ကျန်ရစ်တဲ့ အများပြည်သူ သဘောမတူတဲ့ အမိန်အာဏာ ဟူသမျှ ဆန့်ကျင်ကြ ဆိုတဲ့ ဆောင်ပုဒ် ဟာ ဘဝဂ်ညံခဲ့ပါတယ်။

ယခင်စစ်အစိုးရ ရဲ့ အငြိုးအတေး ခံခဲ့ရတဲ့ ဆရာ ဦးဝင်းတင် ကို ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ဒဏ် နှစ်၂ဝ နီးပါးချမှတ်ခဲ့ ပေမဲ့၊ ဆရာ ဟာ သူ့မူ၊ သူ့အယူအဆ၊ သူ့ယုံကြည်ချက် ကို သေတဲ့တိုင်အောင် ကိုင်ဆွဲခဲ့တဲ့၊ တခေတ်မှာ တယောက်သာ ပေါ်ထွန်းခဲ့တဲ့ စာပေသူရဲကောင်း၊ မျိုးချစ်ပုဂ္ဂိုလ်၊ အရွယ်သုံးပါး စံနမူနာ ထားထိုက်တဲ့ သူ ဖြစ်တာကို အများ က လက်ခံထားကြပါတယ်။