ပြည်ပ စာမျက်နှာ တွေက ဦးဝင်းတင်

  • 21 ဧပြီ 2014
win tin ဓာတ်ပုံ မူပိုင် Getty
Image caption ဦးဝင်းတင် အမှတ်တရ အခမ်းအနားပြင်

စာရေးဆရာ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်းနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပ သတင်း ဌာန တွေမှာ ပြည့်ပြည့်စုံစုံ ဖော်ပြ ကြတာ တွေ့ရပါတယ်။

ဆရာကြီး ဦးဝင်းတင် အကြောင်း ဘီဘီစီ ကမ္ဘာ့ သတင်း စာမျက်နှာ တွေနဲ့ ရုပ်သံ သတင်းတွေမှာ တောက်လျောက် ထုတ်လွှင့် ပေးနေပါတယ်။

တကယ်တော့ တချိန်က အနောက် ဥရောပမှာ စာနယ်ဇင်း ပညာ ဆည်းပူး သင်ကြား ခဲ့တဲ့ ဆရာကြီး ဦးဝင်းတင်ရဲ့ နိုင်ငံရေး စွန့်စား ဆောင်ရွက်ချက် တွေကို ကမ္ဘာ့ စာမျက်နှာ တွေမှာ မကြာခဏ တွေ့ခဲ့ရတာ ဖြစ်လို့ ဦးဝင်းတင်ဟာ ကမ္ဘာသိ သတင်းစာ ဆရာ၊ နိုင်ငံရေး သမားကြီးလည်း ဖြစ်ပါတယ်။

ပြင်သစ် နိုင်ငံက နယ်စည်းမခြား သတင်းထောက်များ အသင်းက ဆိုရင် သူ့အကြောင်း အတ္ထုပ္ပတ္တိ ရေးသား ထုတ်ဝေတာ၊ တနှစ် အတွင်း သတင်းသမား ဆု ပေးခဲ့တာ တွေ ရှိခဲ့ပါတယ်။

ဒီကနေ့ မနက်ထုတ် လန်ဒန်က ဂါးဒီးယန်း သတင်းစာ ကြီးရဲ့ ရေးသားချက် မှာ ဆိုရင် စစ်အာဏာရှင် စနစ်ကို အံတုလို့ နှစ်အရှည်ဆုံး အကျဉ်းချ ခံရတဲ့ သတင်းစာ အယ်ဒီတာ၊ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အနီးကပ် လုပ်ဖော် ကိုင်ဖက် ဦးဝင်းတင် ကွယ်လွန်ပြီ လို့ ရေးပါတယ်။ တဆက်တည်း ဦးဝင်းတင် ဟာ ဒေါ်အောင်ဆန်း စုကြည် ရဲ့ စစ်ခေါင်းဆောင် တွေနဲ့ စေ့စပ် ကမ်းလှမ်း လိုတဲ့ သဘောထား နည်းဗျူဟာ တွေကို ဝေဖန် လေ့ ရှိသူ၊ ဒါပေမဲ့ ဒေါ်စုရဲ့ ဒီမိုကရေစီ အပေါ် စွဲမြဲ ခိုင်မာစွာ ရပ်တည်မှု ကိုတော့ လေးစားသူ လို့ ဂါးဒီးယန်း သတင်းစာ က ရေးသားပါတယ်။

ဦးဝင်းတင်ရဲ့ နိုင်ငံရေး ခေါင်းဆောင်မှုက ကြီးမား အရေးပါ ပေမယ့် သူ့ရဲ့ ပုဂ္ဂလိက ဘဝ က သေးငယ် လှတယ်လို့ စီအန်အန် သတင်း ဌာနက ဆိုပါတယ်။ သူ့ဘဝကို မြန်မာပြည် ဒီမိုကရေစီ အရေး အတွက် ပေးအပ် ထားသူ ဖြစ်လို့ သူ့မှာ တွယ်တာ စရာ မိသားစု သံယောဇဉ် မရှိတဲ့ တကောင်ကြွက် ဖြစ်တယ် လို့ ဦးဝင်းတင်က ပြောကြား ခဲ့ဖူးတယ် လို့ စီအန်အန် က ရေးသား ထားပါတယ်။

ဦးဝင်းတင်ကို ၂ဝဝ၈ ခုနှစ် အစောပိုင်းက ပြန်လွှတ်ပေးမယ် ဆိုပြီး အကျဉ်းထောင် တံခါးဝ ခေါ်လာပြီးမှ မလွှတ်ပေးခဲ့တဲ့ အကြောင်း တွေကို လည်း ဝေါစထရိ ဂျာနယ် အပါအဝင် ကမ္ဘာ့ သတင်းစာမျက်နှာ တွေက ရေးသား ကြပါတယ်။ စစ်အာဏာရှင် အကြွင်းအကျန် တွေကို ချေမှုန်းပြီး မှ ဒီမိုကရေစီ ရှေ့ခရီးကို ဆက်နိုင်ကြ လိမ့်မယ် လို့ ရန်ကုန်မှာ မတ်လ ဆန်းက ကျင်းပတဲ့ အရှေ့ အနောက် နိုင်ငံတကာ သတင်း မီဒီယာ ကွန်ဖရင့်မှာ ဦးဝင်းတင် က သတိပေးသွားကြောင်း လည်း ဝေါစထရိ ဂျာနယ်က ဖော်ပြပါတယ်။

အာဏာရှင်နဲ့ တချို့တနေရာမှာ ပူးပေါင်း ဆောင်ရွက် နိုင်ပေမယ့် အမြဲတမ်း လိုက်လျောပေး ဖို့ မဖြစ်နိုင်ကြောင်း၊ သူ တယောက်တည်း ရှိပေမယ့် ဒီစကားကို အမြဲမပြတ် ပြောနေမှာ ဖြစ်ကြောင်း ဦးဝင်းတင်က ပြောကြား ခဲ့ဖူးတယ်လို့ ဘီဘီစီ ကမ္ဘာ့ သတင်း စာမျက်နှာ မှာ ရေးသား ထားတာ ကိုလည်း တွေ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ