မြန်မာနိုင်ငံမှာ အီးဗီဇာ ထုတ်ပေးဖို့ရှိ

  • 23 ဧပြီ 2014
_visa_machine_ ဓာတ်ပုံ မူပိုင် Reuters
Image caption အီလက်တြွန်နစ် ဗီဇာ ထုတ်ယူ စနစ်

၂၀၁၄ ခုနှစ် စက်တင်ဘာလ က စပြီး မြန်မာနိုင်ငံ ကို လာမယ့် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်တွေ ကို အင်တာနက် ပေါ် က ထုတ်ပေးတဲ့ အီလက်တြွန်နစ် ဗီဇာ စနစ် လို့ ခေါ်တဲ့ အီးဗီဇာ နဲ့ လက်ခံပြီး ထုတ်ပေးမယ့် အကြောင်း မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီး သွားလာ ရေး ဝန်ကြီးဌာန က ပြောပါတယ်။

ဒီစနစ်ဟာ မြန်မာနိုင်ငံမှာ ပထမဆုံးလို့ ပြောနိုင်ပါတယ်။ လွန်ခဲ့တဲ့ ၂ဝဝ၄ ခုနှစ် ဝန်းကျင် ကလည်း မြန်မာနိုင်ငံ မှာ အီးဗီဇာ စနစ် စမ်းသပ် လုပ်ကိုင်ခဲ့ပေမယ့် ငွေပေးချေ စနစ် မှာ နိုင်ငံတကာ က ဗီဇာ၊ မာစတာ ကတ်တွေ မသုံးနိုင်သေးတဲ့ အတွက် လက်တွေ့မှာ မအောင်မြင် ခဲ့ပါဘူး။ ဒီတခါမှာတော့ အောင်မြင်အောင် လုပ်မယ်လို့၊ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးဌာန၊ ဒုတိယ ဝန်ကြီး ဒေါက်တာ စိုင်းကျော်အုံး က ဘီဘီစီ ကို ပြောပါတယ်။

အခုလို အီးဗီဇာ စနစ် ရှိမှ နိုင်ငံခြားသား ခရီးသည်တွေ ဝင်လာဖို့ လွယ်ကူမဲ့ အကြောင်း၊ ခရီးသည် အရေအတွက် အရလည်း ၃ သန်း မှ ၅ သန်း အထိ ခန့်မှန်းထားကြောင်း၊ ဒုတိယ ဝန်ကြီး ဒေါက်တာ စိုင်းကျော်အုံး က ရှင်းပြပါတယ်။

ဒီလို အီးဗီဇာ ထုတ်ပေးဖို့ အတွက် အခု လက်ရှိ ထုတ်ပေး နေတဲ့ ဆိုက်ရောက် ဗီဇာ စနစ် ကို ရပ်ဆိုင်းပစ်ဖို့ ရှိတယ် လို့ ဆိုပါတယ်။ အဲဒီအတွက် အစိုးရ ပြောတဲ့ ဗီဇာ စနစ်ဟာ လက်တွေ့မှာ ဖြစ်နိုင် ခြေ ရှိမရှိ ဆိုတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဒေါက်တာ အောင်မြတ်ကျော် ကတော့၊ အွန်လိုင်း ငွေပေးချေ စနစ် ရှိရင်တော့ ဖြစ်နိုင်ခြေ ရှိကြောင်း၊ အရင်က ခရက်ဒစ် ကတ် မသုံးနိုင်ပေမဲ့ အခု သုံးနိုင်ရင် ဖြစ်နိုင်တဲ့ အကြောင်း ဘီဘီစီ ကို ပြောပါတယ်။