ဦးဝင်းတင် ကျင့်တဲ့ စာနယ်ဇင်း ကျင့်ဝတ်

uwintin ဓာတ်ပုံ မူပိုင် sonny nyein
Image caption ဆရာကြီး ဦးဝင်းတင်

ဟံသာဝတီ သတင်းစာ အယ်ဒီတာချူပ်ဘ၀ ဆရာကြီး ဦးဝင်းတင် ကျင့်ကြံခဲ့တဲ့ စာနယ်ဇင်းသမား ကျင့်ဝတ်နဲ့ စွမ်းရည်တွေဟာ လုပ်ဖော်ကိုင်ဘက်တွေ၊ မီလိုက်ကြတဲ့ သူတွေအကြား၊ အခုထက်ထိ စွဲထင်ကျန်ရစ် နေပြီး၊ လေးစားမှုကို ရရှိနေတုန်းပါပဲ။

ဆရာကြီး ဦးဝင်းတင် ရေးသားတဲ့ ခေါင်းကြီးတွေကို လူတွေ နှစ်သက်ကြတယ် ဆိုတာ၊ ရေးဟန်က သွက်လက် လတ်ဆပ်ပြီး၊ လူအများ နားလည်လွယ်အောင်၊ ရေးနိုင်စွမ်း ရှိခဲ့ရုံသာမက၊ လူအများအကြောင်း၊ အများပြည်သူ ဘဝကို ထင်ဟပ်တာ ဖြစ်တဲ့အတွက်၊ ကိုယ့်အသံကို ကိုယ်စားပြုတဲ့ ခေါင်းကြီးတွေအဖြစ်၊ လူအများက လက်ခံကြတာလို့၊ လုပ်ဖော်ကိုင်ဘက် ဝါရင့် သတင်းစာ ဆရာကြီး၊ မောင်သစ်လွင် လူထုက ဆိုပါတယ်။

ဆရာကြီးဟာ၊ ပြည့်သူ့ဘဝကို အခြေခံရမယ်ဆိုတဲ့ မူကို၊ ကိုယ်တိုင် ဆွဲကိုင်သလို၊ သူ့သတင်းစာတိုက်ထွက် သတင်းထောက်တွေကိုလည်း လေ့ကျင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဆရာကြီးရဲ့ ဟံသာဝတီ သတင်းစာဟာ လူအများရဲ့ အားပေးမှုနဲ့ ယုံကြည်မှု ရခဲ့တာလို့ မောင်သစ်လွင် လူထုက မှတ်ချက်ချပါတယ်။

ဆရာကြီးဦးဝင်းတင်ရဲ့ ဟံသာဝတီ သတင်းစာတိုက်ကနေ သတင်းထောက်တွေ၊ ကာတွန်းဆရာတွေ စာရေးဆရာတွေ အများကြီးကိုလည်း မြေတောင်မြှောက် မွေးထုတ်ပေးခဲ့တယ်လို့ မောင်သစ်လွင် လူထုက ပြောပြပါတယ်။ အစိုးရရဲ့ လုပ်ဆောင်ချက်တွေ အပေါ်၊ လွတ်လွတ်လပ်လပ် ဝေဖန်ရေးသားမှုတွေကို သူ့ရဲ့ ဟံသာဝတီ သတင်းစာထဲ ထည့်ခဲ့ပါတယ်။ စနေစာပေဝိုင်းလို၊ အပတ်စဉ် စာပေ ပညာရှင်တွေရဲ့ တွေ့ဆုံ စုစည်း စကားပြောမှု တွေကို ကမကထ ပြုလုပ်ပေးတာမျိုး နဲ့၊ မန္တလေး အခြေစိုက် စာပေ လှုပ်ရှားမှုမျိုးကို လည်း ပေါ်ပေါက်စေခဲ့ ပါတယ်။

ဆရာကြီး ဦးဝင်းတင်ဟာ ပုဂ္ဂိုလ်ရေး ကျော်ကြားမှု ကို၊ ရရှိထားတဲ့ ရာထူးနေရာကို အသုံးပြုပြီး မရှာခဲ့မှုမျိုး၊ စာနယ်ဇင်းသမား ကျင့်ဝတ် စောင့်စည်း ခဲ့ပုံမျိုး ကိုလည်း၊ သူ့ဓာတ်ပုံကို သူထုတ်တဲ့ သတင်းစာထဲ ပါခဲ့သလား ပြန်ရှာကြည့်ရင်၊ ဟံသာဝတီ အယ်ဒီတာချူပ်ဘ၀ ၉နှစ်တာမှာ ၁ပုံပဲတွေ့ရတယ်လို့ မောင်သစ်လွင် လူထုက ဥပမာပေး ပြောဆိုခဲ့ပါတယ်။

ဆရာကြီး ဦးဝင်းတင်ဟာ စာနယ်ဇင်းသမား ဘဝနဲ့ တစ်သက်လုံး ရပ်တည်ချက် မှန်ခဲ့သလို၊ သတင်းစာသမား လုပ်ခွင့် မရတော့လည်း၊ သူ ဘာလုပ်ရမလဲ ဆိုတာ သူ့ဘာသာ သိသူ ဖြစ်တယ်၊ ပြည်သူ့ဘက်က ရပ်တည်ခဲ့တာ သေသည် အထိပဲလို့၊ မောင်သစ်လွင် လူထုက ဆရာကြီးရဲ့ သတင်းစာသမား ဘဝကို သာမက၊ ၈၈ အလွန် နိုင်ငံရေးသမား ဘဝကိုပါ ရည်ညွှန်း ဆိုခဲ့ပါတယ်။

ဆရာကြီး ဦးဝင်းတင်ရဲ့ ပြည့်သူ့ဘက်က ရပ်တည်ရမယ် ဆိုတဲ့ မူကို၊ ဆရာကြီး မကွယ်လွန် တစ်လ အလိုကပဲ၊ ဘီဘီစီ မြန်မာပိုင်းက ပြုလုပ်ခဲ့တဲ့၊မေးမြန်းခန်းမှာလည်း အထူးအလေးထား ပြောသွားခဲ့ပါတယ်။ ပြည်သူလူထုက သိချင်တာတွေကို စာနယ်ဇင်းက ပြောပြနိုင်မှ၊ တခါ ပြည်သူလူထုက ပြောချင်တာတွေကို စာနယ်ဇင်းက တဆင့် ထင်ဟပ် ပေးနိုင်မှ၊ စာနယ်ဇင်း လွတ်လပ်ခွင့် ရှိတယ်လို့ ဆိုနိုင်မယ်၊ ယနေ့ မြန်မာပြည်မှာ အဲ့ဒီ့ အပိုင်း အားနည်းနေတုန်းပဲလို့ ဆရာကြီး ဦးဝင်းတင်က ပြောခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ